ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတ် ၂၄ ရက်က ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၃ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့ပြီး CDF ရဲဘော် ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။
ထယ်ဘွေးစခန်းကို ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီစစ်ကြောင်းကို အဲဒီနေ့ မနက်ပိုင်းက မတူပီ-ပလက်ဝလမ်း မိုင်တိုင်အမှတ် ၁၄ နဲ့ ၁၅ ကြားမှာ CNAနဲ့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ လို့ ၇ ယောက် သေဆုံးခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။
ဒါ့အပြင် မတူပီ-ပလက်ဝ ကားလမ်းပေါ်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားရာမှာ စစ်တပ်က ၆ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာ ရရှိပြီး CDF ရဲဘော် တယောက် ဒဏ်ရာ ရရှိခဲ့လို့ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
မတူပီ-ပလက်ဝလမ်း ဝါပုန်းလမ်းခွဲနားမှာ စစ်တပ်က နင်းမိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ CDF-မတူပီက မိုင်းရှင်းပြီးမှသာ ဖြတ်သန်းသွားလာကြဖို့ သတိပေးထားပါတယ်။
မတူပီမြို့နယ်မှာ မတ် ၂၂ မနက်ပိုင်းမှာလည်း ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီက သိရပါတယ်။
အဆိုပါတိုက်ပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။