ဖူဟမ်အသင်းရဲ့အနီကတ်ပြစ်ဒဏ်တွေအကြောင်းမပြောလိုပေမဲ့ လက်ထိဘောဆိုတာကတော့ လူတိုင်း သိမြင်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညကကန်သွားတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဖူဟမ်အသင်းကို မိနစ် ၇၀ ကျော်တဲ့အထိ တစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်နေချိန် ဖူဟမ်ကွင်းလယ်လူ ဝီလီယံက ပင်နယ်တီဧရိယာထဲမှာ လက်နဲ့ တားခဲ့တာကြောင့် အနီကတ်ပြသခံရပြီး ပင်နယ်တီပါပေးခဲ့ရတာပါ။
အဲဒီနောက် ဖူဟမ် နည်းပြမာကိုဆေးလ်ဗားနဲ့ တိုက်စစ်မှူးမီထရိုဗစ်တို့ဟာလည်း ကွင်းလယ်ဒိုင်အပေါ် စောဒက်တက်မှုနဲ့ တွန်းထိုးမှုတွေကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ ဖူဟမ်အသင်းပြသခံခဲ့ရတဲ့အနီကတ်တွေကြောင်း မပြောလိုပေမဲ့ အလွန်ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ဖြစ်ခဲ့ပြီး လက်ထိဘောဖြစ်ခဲ့တာကို အားလုံးသိမြင်နိုင်ကြောင်း ပွဲအပြီးမှာပြောပါတယ်။
မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဆာဘစ်ဇာရဲ့ သွင်းဂိုတစ်ဂိုးတွေနဲ့အတူ ၃ ဂိုး ၁ဂိုး နဲ့ အနိုင်ရပြီး အက်ဖ်အေဖလားဆီမီးတက်ခဲ့တာပါ။
ဆီမီးမှာတော့ ဘရိုက်တန်အသင်းနဲ့ လာမယ့် ဧပြီ၂၂ရက်မှာ ဝင်လလေကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားကတော့ ဒီပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် ခရစ္စကာဗနော့ချ်ရဲ့ ဆုံးဖြတ်ချက်တွေကို နားလည်ဖို့ ခက်ခဲကြောင်း ပြောသွားပါတယ်။
ဒိုင်လူကြီး ကာဗနော့ဗ်ဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှင်းလင်းတဲ့ လက်ထိဘော နှစ်ကြိမ်ကို ပြစ်ဒဏ်ဘောမပေးခဲ့တဲ့အတွက် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း တောင်းပန်ခဲ့သလို လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေပွဲမှာလည်း အမှားအယွင်းရှိခဲ့တယ်လို့ ဖူဟမ်နည်းပြ ဆေးလ်ဗားက ပြောပါတယ်။
မန်ယူနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းမှာ ပင်နယ်တီနှစ်ကြိမ်ရရှိနိုင်တဲ့ဖြစ်ရပ်တွေကို VAR နဲ့ ပြန်လည်စစ်ဆေးခြင်းမရှိခဲ့ကြောင်း၊ ပင်နယ်တီမပေးခင်အထိ ဖူဟမ်အသင်းက အကောင်းဆုံးအသင်းဖြစ်ခဲ့ကြောင်း နည်းပြဆေးလ်ဗားက ပြောပါတယ်။
တိုက်စစ်မှူး မီထရိုဗစ်အနေနဲ့တော့ စိတ်ခံစားချက်ကို ထိန်းနိုင်ဖို့ကြိုးပမ်းရမှာဖြစ်ပေမဲ့ တခါတလေမှာတော့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲကြောင်းဖူဟမ်နည်းပြ ဆေးလ်ဗားက ပြောသွားပါတယ်။