ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်မှာ ပျူစောထီး တွေ ဦးဆောင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို မတ် ၁၇ ရက် နေ့လယ် ၁ နာရီ လောက်မှာ လက်ပစ်ဗုံးနှစ်လုံးနဲ့ အနီးကပ်ပစ်ခတ်ခဲ့လို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ပဲခူး PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
သာယာဝတီခရိုင် PDF တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၄၊ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင် တိုက်ခိုက်မှုကြောင့် ပျူစောထီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ပျူစောထီး ၃ ဦး သွေးထွက်လွန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရေကင်းကျေးရွာ ရဲစခန်းအနောက်ဘက်မှာ စစ်ကောင်စီကို ဆက်ကြေးပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင်ခင်မောင်ဝင်းတို့ ဦးဆောင်ကာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေပြီး အရပ်သားတွေပြန်သွားပြီးနောက် ပျူစောထီးတွေသာ ကျန်ရှိတဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ ပဲခူး PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
မိုးညိုမြို့နယ်နေရာအနှံ့မှာ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ကြက်ဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေကို စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေက ဦးဆောင်ကျင်းပနေပြီး လောင်းကစားဝိုင်းတွေ မပြုလုပ်ဖို့၊ ပြည်သူတွေသွားရောက်မကစားကြဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က စာထုတ်သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လောင်းကစားဝိုင်းတွေ ဆက်လက်ပြုလုပ်နေပါက အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့လည်း မိုးညို PDF က သတင်းထုတ်ပြန်ထားပါတယ်။