ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က မတ် ၁၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်ကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီးတလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ လွိုင်ကော်မြို့နယ် မြောက်ဘက်ခြမ်းနဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းဒေသတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲ ဖြန့်ကျက်ပြီး နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေပါတယ်။
အမှတ် ၆၆ တပ်မ တံဆိပ်ပါ စစ်ကောင်စီစစ် ကြောင်းဟာ မတ် ၁၂ ရက် ည ၇ နာရီ ၅၅ မိနစ်လောက်မှာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ရွှေစမ်းရွာ တာဝါတိုင်ကုန်းကို ရောက်ရှိလာပြီး KNDF၊ PDF ပူးပေါင်းတပ်နဲ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦး ထိခိုက်ခဲ့ပြီး တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်နဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ခေါင်အိကေးရွာအုပ်စုဘက်ကို မတ် ၈ ရက်ကနေ ၁၆ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဖယ်ခုံ PDF အပါအဝင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖယ်ခုံ PDF ဘက်ကတော့ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။