Home
မြန်မာသတင်း
မြစ်ငယ်တွင် ကျပ်သိန်း ၆၈၀ ကျော်ဖိုး ဓားပြတိုက်သွားသူ ၃ ဦး ဖမ်းမိ၊ ၁ ဦး လွတ်နေ
DVB
·
March 17, 2023
336678867_2987383831557654_8495636991398603070_n

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဆောက်တောဝမြောက်ရွာရှိ နေအိမ်တအိမ်မှာ  မတ်လ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်က ကျပ်သိန်း ၆၈၀ ကျော်ဖိုး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပြီး ဓားပြ ၃ ဦးကို မတ်လ ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဒီနေ့က ဆောက်တောဝမြောက်ရွာက နေအိမ်မှာ အသက် ၆၉ နှစ်အရွယ် အိမ်ရှင် အမျိုးသမီး တဦးတည်းရှိနေချိန်မှာ ကျား ၂ ဦး၊ မ ၂ ဦးပါ ဓားပြအဖွဲ့က အိမ်နောက်ဖေးက ဝင်လာပြီး အိမ်ရှင်အမျိုးသမီးကို မျက်လုံး၊ ပါးစပ်ပိတ် ဓား‌နဲ့ထောက် လုယက်ခဲ့တာပါ။

လုယက်မှုကြောင့် နေအိမ်အိပ်ခန်းအတွင်း သိမ်းဆည်းထားတဲ့ ရွှေကွပ်စိန်ဆွဲကြိုး ၅ ကုံး၊ ပီခြူးလက်ကောက် ၁၄ ကွင်း၊ တကျပ်သားလက်စွပ် ၄ ကွင်းနဲ့ ‌တခြား‌ရွှေထည်တွေ ခန့်မှန်းတန်ဖိုး သိန်း ၆၈၀ ကျော်ကို ဓားပြတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အမရပူရမြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတဦးက “၁၂ ရက်နေ့ နေ့ခင်းက ဖြစ်သွားတဲ့ ဓားပြမှုက လူတွေ ဖမ်းမိပါပြီ။ လောလောဆယ် ၃ ယောက် မိထားတယ်။ အသက် ၃၀ ကျော်က ကျား ၁ ဦး၊ မ ၁ ဦး၊ ကျန်အမျိုးသမီးက ၂၀ ကျော်ပဲ ရှိသေးတယ်။ ဖမ်းမိတာ ၁၅ ရက် မနက်ပိုင်းက သံသယရှိ ဆိုင်ကယ် ၂ စီးကို တားရင်း မိတာ။ အတိုက်ခံရတဲ့ အိမ်နဲ့က ဒီအဖွဲ့က အမျိုးသမီးတယောက်က အသိတွေလို့ ပြောတယ်။ ဆွဲကြိုး ၂ ကုံးနဲ့ လက်ကောက် ၇ ကွင်းပဲ ပြန်ရ‌သေးတယ်။ ဆိုင်ကယ်တစီးကလည်း ‌ဆွဲကြိုးရောင်းရငွေနဲ့ ဝယ်ထားတာလို့ စစ်ချက်ထွက်ထားတယ်” လို့ ပြောပါတယ်။

အဆိုပါ ဓားပြတိုက်လုယက်မှု ကျူးလွန်သူ ၄ ဦးအနက် ကျား ၁၊ မ ၂ ဦးပါ ပေါင်း ၃ ဦးကို ပီခြူးလက်ကောက် ၇ ကွင်း၊ ရွှေကွပ်စိန်ဆွဲကြိုး ၂ ကုံး၊ ရွှေဆွဲသီး ၁ ခု၊ ရွှေပန်းပွင့် ၁ ခုတို့နဲ့ အမရပူရမြို့နယ်ရဲတပ်ဖွဲ့က မတ်လ ၁၅ ရက်မှာ ဖမ်းမိခဲ့ပြီး ဓားပြအဖွဲ့ဝင် အမျိုးသား ၁ ဦး လွတ်မြောက်နေသေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024