စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်အနောက်တောင်ဘက် ချမ်းသာကုန်းရွာကို မတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက် လာတဲ့ အတွက် ကျေးရွာ ၈ ရွာက ရွာသား ၉၀၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းက မနက်အစောပိုင်းအချိန်မှာ ပစ်ခတ် ဝင်ရောက်လာတဲ့အတွက် အင်းပတ်၊ ချမ်းသာကုန်း၊ မရမ်းအင်း၊ကုန်းသာ၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကျီအိုင်နဲ့ သဲကုန်းကြီး စတဲ့ရွာ ၈ ရွာက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို ချမ်းသာကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာသစ်ကုန်းရွာမှာတပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက မကြာခဏ နီးစပ်ရာ ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်စီးနင်းလေ့ရှိပြီး ကျွဲနွားတွေ၊ အစားအသောက်နဲ့ ရိက္ခာတွေကို လာရောက်ခိုးယူတာ ၁၀ ကြိမ်ထက်မနည်းရှိပြီလို့လည်း ပြောပါတယ်။
ခင်ဦးမြိုနယ်ကို စစ်အုပ်ချုပ်ရေးကြညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ရွာသစ်ကုန်းရွာ ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အင်းပတ်ရွာက ဒေသခံ အမျိုးသမီး ၃ ဦး အမျိုးသား ၂ ဦးထိ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြိုနယ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့အဖွဲ့ထံက စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနားရှိ၊ သာစည်အကျည်းထောင်ကို မတ် ၁၅ ရက် ည ၁၂ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
သာစည်အကျဉ်းထောင်ဟာ မုံရွာမြို့နယ်အတွင်း အသစ်ဆောက်လုပ်နေတဲ့ ထောင်တစ်ခုဖြစ်သလို စစ်တပ်က တပ်စွဲထားတဲ့နေရာဖြစ်ပါတယ်။
Chindwin Attack Force အဖွဲ့တာဝန်ရှိသူက “စခန်းမှာ စစ်သားတွေ တပ်စွဲ ထားလို ၆၀ မမ ၂ လုံးနဲ့ သွားပစ်ခဲ့တာ။ တပ်စွဲ ထားတဲ့နေရာကို ကျတယ်။ အသေအဆုံးကတော့ အတိအကျ မသိရသေးဘူး။ အဲဒီကနေ အရာတော်မြို့နယ် သစ်ကျင်းကြီး ပျူရွာကိုလည်း ပစ်ခတ်ခဲ့တယ်”လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်တပ်က အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။