Home
မြန်မာသတင်း
ပြင်ဦးလွင်၌ ယာဉ်တိုက်မှုဖြစ်ပြီး ကားမောင်းပြေးမှု ၂ ကြိမ်ဖြစ်၊ ‌၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ
DVB
·
March 17, 2023
336644526_191983543537166_6057087263592797465_n

မန္တလေး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းမှာ မတ်လ ၁၅ ရက် တနေ့တည်း ဆိုင်ကယ်နဲ့ ကား ဝင်တိုက်ပြီး ကားမောင်းပြေးမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ‌ဆိုင်ကယ်သမား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ်လ ၁၅ ရက် မနက် ၉ နာရီက ပြင်ဦးလွင်၊ အနီးစခန်း၊ အမှတ် ( ၁ )သံမဏိစက်ရုံအထွက်လမ်းနား မြို့ရှောင်လမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ အသက် ၂၂ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဖောင်းတောရွာ၊ ကချင်စုမှာ နေသူဖြစ်ပြီး ပြင်ဦးလွင်မြို့ထဲကို ဆိုင်ကယ်စီး အလုပ်သွားချိန် လမ်းမှာ ကားက ဝင်တိုက်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

အဲ့ဒီည ၇ နာရီခွဲလောက်ကလည်း ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၇ ၊ မန္တလေး- လားရှိုးသွား လမ်းမကြီး၊ အနီးစခန်းရဲကင်းအနားမှာ ဆိုင်ကယ် ၂ စီးကို ကားက ဝင်တိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအနက် ၂ ဦး စိုးရိမ်ဒဏ်ရာနဲ့ ပြင်ဦးလွင်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ဝင်တိုက်ခဲ့တဲ့ ကားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

အနီးစခန်းက ပရဟိတအသင်းဝင်းတယောက်က " ဒါနဲ့ဆို နှစ်ကြိမ်ရှိသွားပြီ၊ မနက်ပိုင်းက DB (အလောင်း) တစ်ယောက်ရတယ်၊ အခုဟာက ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းရဲကင်းအကျော်မှာ ညက ကားတိုက်မှု ဖြစ်ပွားတာပါ။ ကားတိုက်တဲ့အရှိန်နဲ့ ခြေထောက်က အသားတွေလှန်ပြီး ပဲ့ကုန်တာ များတယ်။ နှစ်ဦး စိုးရိမ်ရနဲ့ ဆေးရုံပို့ထားပါတယ်။ တိုက်သွားတဲ့ကားကို မြင်လိုက်တဲ့သူ ရှိတယ်လို့ ပြောတယ်၊ ကားသမားတော့ မမိသေးဘူး" လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ် အနီးစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဆိုင်ကယ်နဲ့ ကားတိုက်မှု ၅ကြိမ်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိပေမဲ့ ကားမောင်းပြေးတဲ့ ဖြစ်စဉ်မျိုး မရှိဘူးလို့ သိရပြီး ယာဉ်တိုက်မှုကနေ တိုက်ပြီးထွက်ပြေးသွားတဲ့ ကား‌တွေကို ပြင်ဦးလွင်မြို့နယ်ရဲစခန်းက စုံစမ်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024