ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဟစ်တိုင်ရှေ့မှာ မတ်လ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က တက္ကစီတစ်စီးပေါ်ကနေ ပစ်ချခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးမှုမှာ တက္ကစီယာဉ်မောင်းကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိထားပြီလို့ တာမွေရဲတပ်ဖွဲ့နဲ့ နီးစပ်တွေက ပြောပါတယ်။
အဲ့ဒီညက ပရိုဘောက်အမျိုးအစား အငှားကားပေါ်ကနေ လူတစ်ဦးကို ပစ်ချခဲ့တာကို အမှိုက်သိမ်းတာဝန်ကျနေတဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ အဆိုပါ တက္ကစီရဲ့နောက်မှာ ပါလာတဲ့ ကားကနေ မျက်မြင်တွေ့ခဲ့တာပါ။
သာကေတမြို့နယ်မှာ အဲကွန်းဆားဗစ်ပြုလုပ်ပြီးအပြန် သူငယ်ချင်းဖြစ်သူနဲ့အတူ စားသောက်ပြီးနောက် ဗဟန်းမြို့နယ်ရှိ နေအိမ်ကို တစ်ဦးတည်းပြန်လာစဉ် တက္ကစီပေါ်မှာ အခင်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သူငယ်ချင်းဖြစ်သူက နောက်နေ့မနက် အလုပ်သွားဖို့ ဖုန်းဆက်သွယ်ရာမှာ မရတဲ့အတွက် သေဆုံးသူမိသားစုဝင်တွေနဲ့အတူ လိုက်လံစုံစမ်းရာကနေ သင်္ကျွန်းစံပြဆေးရုံမှာ ရုပ်အလောင်းတွေ့ရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
တာမွေအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အဲဒီ့ညက ရောက်တော့ ည ၁၁ နာရီဖြစ်နေပါပြီ၊ တာမွေရဲတပ်ဖွဲ့က ခေါ်လို့ပါ၊ ပက်လက်အနေအထားနဲ့ သေဆုံးနေပါပြီ၊ အဲ့နားမှာက ညဘက်ဆို အရမ်းမှောင်နေတယ်၊ စည်ပင်က ည ၁၀ နာရီခွဲလောက်မှာ အမှိုက်သိမ်းနေတယ်၊ အဲ့နားမှာ အမှိုက်ပုံးကြီးတစ်ခု ရှိတယ်၊ စည်ပင်က ရဲကို ပြောနေတာ ဒုန်း ဆိုပြီး အသံကြားတယ်တဲ့၊ အဲ့ဒီမှာ အနောက်က ကပ်ပါလာတဲ့ ကားတစ်စီးက ပြောတယ်၊ ဟိုကားပေါ်ကနေ လူတစ်ယောက်ပစ်ချသွားတယ်၊ ပြီးတော့ ကားနံပါတ် ဘယ်လောက်ဆိုပြီး ပြောသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါ အမှုခင်းဖြစ်တဲ့နေရာကို ဖြစ်ဖြစ်ချင်း ဗဟန်းမြို့နယ်ရဲနဲ့ တာမွေရဲတို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး သေဆုံးသွားသူရဲ့ ပိုက်ဆံကျပ် ၃ သိန်းကို လုယက်ခဲ့တဲ့အပြင် ဓားနဲ့ ထိုးသတ် လမ်းဘေးပစ်ချခဲ့တဲ့ တက္ကစီယာဉ်မောင်းကို ကားနံပါတ်ပြားက တဆင့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူနဲ့အတူ ပူးပေါင်းကျူးလွန်သူ ရှိ၊ မရှိနဲ့ ပြစ်မှုကျူးလွန်သူပုံ အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးဘဲ တာမွေမြို့မရဲစခန်း အချုပ်မှာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။