Home
မြန်မာသတင်း
မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ပစ်သတ်ခံရ
DVB
·
March 15, 2023
335142014_609178454002491_1856447401290715027_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးရုံးက ဒု-ဦးစီးမှူး ကျော်နိုင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက် မနက် ၁၀ နာရီလောက်က အသက် ၄၇ နှစ်အရွယ်ရှိ မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ကျော်နိုင်ဦး ဆိုသူ ရုံးတက်ဖို့ လွန်တောင်းရွာကနေ မတ္တရာဘက်အသွား ဘုရားဖြူကျေးရွာအနီး ဝရင်းတုတ်တံတားထိပ်မှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးဒေသတွင်း မီဒီယာဖြစ်တဲ့ Voice Of Mandalay က “မတ္တရာမှ လ.ဝ.က ဦးစီး ပျူစည်းရုံးရေးနဲ့ ပျူထောက်ပို့လုပ်နေသူ ကျော်နိုင်ဦးဆိုသူ မနက် ၁၀ နာရီခန့်က ဝရင်းတုတ် တံတား အနောက်ထိပ်တွင် ခေါင်းကို သေနတ်ဖြင့် သုံးချက်အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ကျော်နိုင်ဦး ဆိုသူဟာ ကိုယ်ခံပညာတတ်ပြီး ၎င်းထံမှ သွေးစွန်းထားတဲ့ဓားနဲ့ စာရင်းစာရွက်များ တွေ့ရှိတယ်” လို့ ဖော်ပြပါတယ်။

မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ကျော်နိုင်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာနဲ့ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၉ ရက် ညပိုင်းအချိန်ကလည်း မတ္တရာမြိုနယ်၊ တံတားကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်မှာ သတ်ဖြတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024