မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ်ချောင်းအင်းအိုင် သဘာဝပတ်ဝန်းကျင်တွေအတွက် ပိုပြီးစိုးရိမ်ဖွယ်ရာဖြစ်လာတယ်လို့ ရှမ်းပြည်မြစ်ချောင်းများကွန်ရက်အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မှာ နိုင်ငံရေးမတည်ငြိမ်ဘဲ စီးပွားရေး ကျဆင်းလာကြောင်း၊ နိုင်ငံ့စီးပွားရေးကျဆင်းတော့ စစ်ကောင်စီဟာ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်ပြီး နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ရေကာတာတည်ဆောက်တာ၊ မြေပေါ်မြေအောက် သယံဇာတသတ္တုတူးဖော်တာတွေ ခွင့်ပြုခဲ့တာတွေကြောင့် မြစ်ချောင်းအင်းအိုင် ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးအတွက် ပိုမိုစိုးရိမ်လာရတယ်လို့ ရှမ်းပြည်မြစ် ချောင်းများကွန်ရက်အဖွဲ့ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြားဝင်ငွေရဖို့ ကုမ္ပဏီတွေကို ရွှေတူးဖော်ဖို့၊ သတ္တုတူးဖော်ဖို့၊ ရေကာတာစီမံကိန်းတွေ ဆက်လုပ်ဖို့ ခွင့်ပြုလိုက်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့ အဲဒီလိုလုပ်တာကို ဒေသခံပြည်သူကို အသိမပေးဘူး၊ ပြည်သူတွေရဲ့ သဘောဆန္ဒ မကောက်ခံဘူး၊ တဖက်သတ် လုပ်ချင်သလို လုပ်တယ်။ စစ်အုပ်ချုပ်ရေးကာလဆိုတော့ ဒေသခံပြည်သူတွေက အဲဒီလုပ်ရပ်တွေကို ကန့်ကွက်ဆန္ဒပြဖို့ ခက်ခဲတယ်၊ ကိုယ့်ဒေသရဲ့ ရေမြေသယံဇာတကို ကိုယ့်ဘာသာကိုယ် ကာကွယ်ထိန်းသိမ်းဖို့ အခွင့်အရေးနည်းသွားတယ်။”
ခုလိုအခြေအနေမျိုးမှာ လုံခြုံရေး စိတ်မချရတာကတကြောင်း၊ ဒေသခံတိုင်းရင်းသားတွေပေါ် ငဲ့ကွက်တဲ့အနေနဲ့ ဒေသထဲ လာရောက်လုပ်ကိုင်မှုကို ရပ်တံ့ရုပ်သိမ်းဖို့ နိုင်ငံခြားကုမ္ပဏီတွေကို တောင်းဆိုတိုက်တွန်းတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မီးသွေး တိုးချဲ့တူးဖော်မှုကြောင့် သဘာဝဝန်းကျင် ထိခိုက်မှုခံစားရတဲ့ ဒေသခံတွေထဲမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်မချောင်းတလျှောက်နေ ပြည်သူတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် နမ့်မချောင်းကမ်းရှိ နမ့်မ၊ နားနွဲ့၊ မောက်တောင်း နဲ့ မိုင်းကျစ် စတဲ့ကျေးရွာအုပ်စု ၄ စုက ရွာသားအချို့ဟာ မတ် ၁၄ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့က နမ့်မချောင်းမှာ လာရောက်စုဝေးပြီး ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းရေး၊ သဘာဝဝန်းကျင်မပျက်စီးရေး ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆုတောင်းပွဲမှာ “မြစ်များသည် တစုံတဦးတဖွဲ့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ရောင်းရန်မဟုတ်၊ ကမ္ဘာတည်သရွေ့ ရှမ်းပြည်က မြစ်တွေ လွတ်လပ်စွာစီးဆင်းပါစေ” စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး အပြည်ပြည်ဆိုင်ရာမြစ်ချောင်းနေ့ သမိုင်းကြောင်းနဲ့ နမ္မတူမြစ်နဲ့ သံလွင်မြစ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြစ်တွေပေါ်မှာ ရေကာတာ ဆောက်လုပ်မှုအကြောင်းတွေ ဟောပြောခဲ့ကြပါတယ်။