အိမ်အကူကိုညှဉ်းပန်းနှိပ်စက်ခဲ့သည့် သရုပ်ဆောင် မင်းရာဇာ အပါအဝင် ၃ ဦးကို ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အပြင်းအထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ မတ် ၁၃ ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မင်းရာဇာအိမ်မှာ အိမ်အကူလုပ်တဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ပြီး ၂၀၂၀ ပြည့်နှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မင်းရာဇာ အပါအဝင် ၃ ဦးကို ကရင်လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးပေးခဲ့တာပါ။
အမှုရင်ဆိုင်နေချိန်ကာလအတွင်း ၂၀၂၁ ခုနှစ် အမှုတွေ ပိတ်သိမ်းချိန်က ဒီအမှုကို မပိတ်သိမ်းသင့်ကြောင်း တရားရုံးကို ပြန်လည်လျှောက်ထားခဲ့တာကြောင့် တရားရုံးဘက်က လက်ခံပြီး အစကနေ ပြန်စစ်ခဲ့တဲ့အမှုလို့ သိရပြီး မင်းရာဇာကတော့ သက်ငယ်မုဒိမ်းမှုနဲ့ ခရိုင်တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်ရမယ်လို့ သိရပါတယ်။
နစ်နာသူ အမျိုးသမီးဘက်က ကူညီဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသမီးအဖွဲ့က “မင်းရာဇာ အမှုမှ အမှုတခုကို ဒီကနေ့ အမိန့်ချလိုက်ပါပြီ။ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုနဲ့ မင်းရာဇာ၊ သူ့ဇနီးနဲ့ မန်နေဂျာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ သက်ငယ်မုဒိမ်းအဖြစ် စွဲဆိုခံထားရတဲ့အမှုကတော့ ခရိုင်မှာ ဆက်လက်ရင်ဆိုင်ရမှာပါ” လို့ ပြောပါတယ်။
သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်၊ မန်နေဂျာဖြစ်သူ အောင်လွင်စိုးတို့ကို အပြင်းအထန် နာကျင်စေမှု ဥပဒေပုဒ်မ ၃၂၆ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။