မြန်မာ့နွေဦး တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာရှိသည့်အနက် အဓိကအကျဆုံး စိန်ခေါ်မှုက မည်သည့်အချက်လို့ ထင်ပါသလဲ။ အပြောင်းအလဲကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးနှင့် တခုတည်းသော တပ်မတော် (ဖက်ဒရယ်တပ်မတော်) ပေါ်ထွန်းရေးသည် တော်လှန်ရေး၏ သော့ချက်ဖြစ်လိမ့်မည် ဖြစ်သည်။ တော်လှန်ရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြီးမားဆုံး စိန်ခေါ်မှုသည် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးပင် ဖြစ်လိမ့်မည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားဝင်မှုသည် ၂၀၂၁ အထွေထွေရွေးကောက်ပွဲက လာသည်။ ထို့ကြောင့် အကြီးမားဆုံး စိန်ခေါ်မှုကို ကျော်လွှားလျက် တော်လှန်ရေးကာလ ၂ နှစ်တာကို ကျော်ဖြတ်ခဲ့ပြီးလည်း ဖြစ်သည်။ NUG ၏ အကြီးမားဆုံး အောင်မြင်မှုသည် ဘားမားအက်ဥပဒေ (NDAA) ကို အမေရိကန်လွှတ်တော်မှာ အတည်ပြုမှု ရရှိခဲ့မှုဖြစ်သည်ဟု ပညာရှင်များက ထောက်ပြကြသည်။
ဖက်ဒရယ်တပ်မတော်
တခုတည်းသော တပ်မတော် (ဖက်ဒရယ်တပ်မတော်) မဖြစ်သေးမှုသည်လည်းပဲ ကြီးမားသည့် စိန်ခေါ်မှုတရပ်ဟုယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ပေါင်း ၅၀၀ ကျော်ရှိနေပြီဟု အချက်အလက်တွေအရ သိရပါသည်။ မြန်မာ့တော်လှန်ရေးတွင် တပ်ဦးကရှိနှင့်နေပြီးသော KNU နှင့် KIA အပါအဝင် အခြားတိုင်းရင်းသား တော်လှန်ရေး အင်အားစုအသီးသီး၏ နိုင်ငံရေးအရ မျှော်မှန်းချက်များနှင့် လိုလားချက်များသည် မတူကွဲပြားမှုများ ရှိနေပါသည်။ ဥပမာ ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေး မျှော်မှန်းချက်သည် ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ ရှိနေသည်ကိုလည်း သတိထားရမည့်အချက် ဖြစ်သည်။ အနာဂတ် မြန်မာနိုင်ငံ၏ မြေပုံတွင် ရခိုင်ပြည်နယ်သည် ပါနိုင်ပါဦးမလားဆိုသည့် မေးခွန်းထုတ်မှုများသည်လည်း တစတစ ကျယ်လောင်လာခဲ့ပြီလည်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်းအားစုများ၏ နောက်ကွယ်တွင် မမြင်ရသည့် အကျိုးစီးပွားများသည်လည်း ရှိနေမည်ဖြစ်သည်။ တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့် အမျှ တော်လှန်ရေးသက်လုံ ကျလာခြင်းသည် တော်လှန်ရေး၏ ဘေးထွက်ဆိုးကျိုးဖြစ်သည်။ တော်လှန်ရေးစိတ်ရှည်သီးခံနိုင်မှု စွမ်းအားတို့သည်လည်း သားရေနား ခွေးစားခံရသကဲ့သို့ တတိတိနှင့် ပဲ့ကြွေခဲ့ကြရပြီလည်းဖြစ်သည်။
မြန်မာစစ်တပ်ဘက်တွင် ပြည်တွင်းစစ် နှစ် ၇၀ ကာလအတွင်း အဆမတန် ကြီးထွားလာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် နွေဦးတော်လှန်ရေးကာလ မတိုင်ခင်က နှစ်ဖက်လုံးသည် ကိန်းသေများဖြစ်နေ၏။ ဘယ်သူကမှ ဘယ်သူ့ကိုမှ နိုင်အောင်မတိုက်ဘဲ မြန်မာပြည်တွင်းစစ်သည် အီလည်လည်ကြီး ဖြစ်နေသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်သည်။ မြန်မာစစ်တပ်သည် လက်နက်ကိုင်တပ်ဖွဲ့များကို တမင်တကာ မွေးမြူထားဟန်လည်း ရှိသည်။ သို့မှသာ စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုကြီးကို ပြည်တွင်းစစ်ကို အကြောင်းပြ၍ စောင့်ရှောက်ကာကွယ်သူကြီး အဖြစ် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း တရားဝင် စစ်အာဏာသိမ်းထားနိုင်မည်လည်း မဟုတ်ပါလား။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အားနည်းချက်
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အားနည်းချက်သည် နိုင်ငံရေးအရ တိုင်းရင်းသား တန်းတူညီမျှမှု မရှိခြင်းဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုကြသည်။ တိုင်းရင်းသား လူမျိုးစုငယ်တွေ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်များကို အာမခံချက် မပေးနိုင်ခဲ့၍ ၁၉၅၈ ခုနှစ်မှာ ရှမ်းပြည်က ၈ ပြည်နယ်မူကို တင်သွင်းခဲ့သည်။ ထိုအချက်သည် ဖက်ဒရယ်၏ ကနဦးအစဟု ဆိုနိုင်ပါသည်။ သို့သော် ထိုအချိန်က ဖက်ဒရယ်သည် မြန်မာပြည်တွင် ခေတ်မစားပေ။ မြန်မာစစ်တပ်သည် ဖက်ဒရယ်ကို ခွဲထွက်ရေးဟု အဓိပ္ပာယ်ကောက်ယူခဲ့သည်။ မြန်မာစစ်တပ်အတွက် ဖက်ဒရယ်စနစ်သည် ၎င်းတို့အတွက် ထမင်းလုံးတစ္ဆေခြောက်သကဲ့သို့ ရှိ၏။ ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှာ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကာကွယ်ခဲ့ရသည်ဟု ကြွေးကြော်ကာ အာဏာသိမ်းယူခဲ့ပါသည်။
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အားနည်းချက်
၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အားနည်းချက်သည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုပြီး အားနည်းချက်တွေ များလာပါသည်။ နိုင်ငံရေးအရ တိုင်းရင်းသား တန်းတူညီမျှမှု ပျောက်ဆုံးနေသည့်အပြင် တပါတီအာဏာရှင်စနစ်ကို သွတ်သွင်းလိုက်သည့်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကိုပါ ဆိတ်သုဉ်းသွားခဲ့သည်ကို အထင်အရှား တွေ့ရှိကြရမည် ဖြစ်သည်။ ထို့ကြောင့် နောင် ၁၃ နှစ်အကြာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်သည် ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (LDC) အဖြစ်သို့ သက်ဆင်းခဲ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ အသက်သွေးကြောသဖွယ် အရေးပါကြောင်း သက်သေခံချက်လည်း ပေါ်လွင်စ ပြုခဲ့ပြီဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသာလူနည်းစုများ၏ အခွင့်အရေးကို အာမခံချက် မပေးနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ ဒုတိယအချမ်းသာဆုံးနိုင်ငံတော်အဖြစ် ရပ်တည်နိုင်စေခဲ့ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အဓိက အားနည်းချက်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံရေးဆိုင်ရာ အဓိကအားနည်းချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုထံသို့ အပ်နှံမထားပါဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (စစ်တပ်) ထံ အပ်နှံထားခြင်းဖြစ်သည်။ အပေါ်ယံကြည့်မည် ဆိုလျှင် ဖက်ဒရယ်ဒီမိုကရေစီကို အာမခံချက် ပေးထားသလို ထင်ရသော်လည်း အတုအယောင် သဏ္ဌာန်ဆောင် ဖက်ဒရယ်ဖွဲ့စည်းပုံဖြစ်နေပြီး စစ်တပ်ကြီးစိုးရေးမှာပဲ လမ်းဆုံးနေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်အများက ထောက်ပြဝေဖန်ကြသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ၃ ရပ်ဖြစ်သော အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည်ဖြင့် ထိုအာဏာ ၃ ရပ်စလုံးတွင်လည်း စစ်တပ်က ၂၅ ရာခိုင်နှုန်း အတိအကျ အခိုင်အမာ ရယူထားတာမျိုး တွေ့ရမည်။ အထူးသဖြင့် တရားစီရင်ရေးအာဏာတို့ကိုမူကား ရာနှုန်းပြည့် ကြိုးကိုင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်တွင် နိုင်ငံရေးဆိုင်ရာ အားသာချက်နှင့် အားနည်းချက်
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်တွင် နိုင်ငံရေးဆိုင်ရာ အားသာချက်နှင့် အားနည်းချက်များ ရှိသည်။ အားသာချက်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အစိတ်အပိုင်း ၁ နိဒါန်းတွင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။ ဤ “ပဋိညာဥ်” အား လက်ခံသဘောတူညီကြသည့် အဖွဲ့အစည်းများသည် ဖော်ပြပါ စံတန်ဖိုးများကို ကိုင်စွဲပြီး အာဏာရှင်စနစ်ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် အဆင့်လိုက် ဆောင်ရွက်သွားမည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးလမ်းပြမြေပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ၊ အခြေခံမူဝါဒများဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ကြိုးပမ်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန် ချအပ်ပါသည်။ ပဋိညာဥ်ကို လက်ခံသဘောတူညီကြသူများ၏ စုပေါင်းခေါင်းဆောင်မှုမှတဆင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် လိုရာပန်းတိုင်သို့ တွန်းပို့ရောက်ရှိနိုင်မည့် စုပေါင်းအင်အားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ခိုင်မာသော ယုံကြည်ချက်ဖြင့် ဤပဋိညာဥ်ကြီးအား အတည်ပြု ပြဋ္ဌာန်းလိုက်သည်ဟူ၍ ပါရှိပါသည်။
အပြောင်းအလဲကာလ (တော်လှန်ရေးကာလ) အတွင်း ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိခြင်းသည်လည်း ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်။ အပြောင်းအလဲကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တော်လှန်ရေးကာလ၏ လမ်းပြမြေပုံဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကဲ့သို့ တာဝန်မထမ်းဆောင်နိုင်သေးသော်လည်း ကြားကာလ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တာဝန်ထမ်းဆောင်လျက် ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို ပြည်သူလူထုနှင့်အတူ လျှောက်လှမ်းလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ တနည်းအားဖြင့် အသွင်းကူးပြောင်းစဲ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တံတားသဖွယ်ဖြစ်သည်။ မဝေးတော့သည့် အနာဂတ်ကာလတွင် အတည်ကျင့်သုံးအကောင်အထည်ဖော်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံအုတ်မြစ် ကျောရိုးလည်း ဖြစ်ရမည်။ ထိုကဲ့သို့ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိနိုင်ရမည်ဖြစ်သည်။ အားနည်းချက်သည်ကား ပဋိညာဥ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ နိုင်ငံရေးပါဝါ တနည်းအားဖြင့် တိုင်းရင်းသားတော်လှန်ရေး အင်းအားစုများကို စိတ်ချယုံကြည်နိုင်လောက်သော နိုင်ငံရေးအရ တန်းတူညီမျှမှု အာမခံချက်မျိုး မပေးနိုင်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေသည်သာ နိုင်ငံတော်၏ အခေါင်အချုပ်ဥပဒေဖြစ်သောကြောင့်ဖြစ်သည်။ နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေလည်း ဖြစ်သောကြောင့် ဖြစ်သည်။ အနှစ်သာရအားဖြင့်လည်း အားကောင်းသည်။ အကြောင်းအရာအားဖြင့်လည်း ခိုင်မာသည်။ ယုံကြည်စိတ်ချရမှုတွင်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှုပါ ရရှိနိုင်သောကြောင့် နိုင်ငံရေး ပါဝါအရ အင်မတန် အားကောင်းသည်။
မြန်မာစစ်တပ်က ဘာကိုကြောက်သလဲ
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် မြန်မာစစ်တပ်သည် စစ်ဘောင်ကျယ်လာမည်ကို မကြောက်၊ နိုင်ငံရေးဘောင် (တနည်းအားဖြင့်) ဖက်ဒရယ်ဒီမိုကရေစီဘောင် ကျယ်လာမည်ကိုသာ အကြောက်ကြီး ကြောက်နေသည်ကိုလည်း တွေ့ရသည်။ ယခုဆိုလျှင် မြန်မာစစ်တပ်အကြိုက် တနိုင်ငံလုံး စစ်ဘောင်သည် ကျယ်ချင်တိုင်း ကျယ်လျက်ရှိသည်။ ရန်သူ၏အကြိုက် စစ်ဘောင်ကို ဘယ်အရာတွေက ချဲ့ပေးနေသည်ကို သတိချပ်သင့်လာပေသည်။ မြန်မာနိုင်ငံကို စစ်ဘောင်ကျုံ့စေသည့် တခုတည်းသော နည်းလမ်းသည် မရှိမဟုတ် ရှိပါ၏။ ထိုအရာက စစ်ကို စစ်နှင့်သာ ချုပ်ငြိမ်းစေသောနည်းလမ်းဖြစ်သည်။ ထိုအရာသည် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာမည့် တခုတည်းသောတပ်မတော် တနည်းအားဖြင့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းတည်ထောင်လိုက်ခြင်းပင် ဖြစ်သည်။ သို့မှသာ စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမည် ဖြစ်သည်။ ထိုကဲ့သို့လည်း နွေဦးတော်လှန်ရေး မျိုးဆက်သစ် PDF လူငယ်များက ယုံကြည်နေကြသလို နွေဦးတော်လှန်ရေးထောက်ခံသူ ပြည်သူလူထုတရပ်လုံးကလည်း ယုံကြည်လျက်ရှိသည်။
တပြိုင်နက်တည်းမှာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည်လည်း ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည့် သဘောမျိုးသာ ဖြစ်နေ၍ မြန်မာတိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက လုံးဝ ယုံကြည်မှု မရှိတော့ပေ။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ရန် စိန်ခေါ်မှုတွေက အထက်မှာ တင်ပြခဲ့သလို များစွာရှိနိုင်ပါသည်။ ထိုစိန်ခေါ်မှုများစွာထဲမှ တခုကို အဓိကထားပြီး ဆွဲထုတ်ပြရမည်ဆိုလျှင် နိုင်ငံရေးအရ အာမခံချက် အပြည့်အဝပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးပင် ဖြစ်သည်ဟု လေးနက်စွာ ယုံကြည်ပါသည်။ မြန်မာနိုင်ငံ၏ နှစ် ၇၀ ကျော် မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ဆိုလျှင် တိုင်းရင်းသားမျိုးနွယ်စုတိုင်းက လိုလားတောင့်တနေသော စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လိုမည်ဖြစ်သည်ဟု အလေးအနက် ယုံကြည်မျှော်လင့်မိပါသည်။ ထိုကဲ့သို့ ပေါ်ထွန်းလာရန်မှာ မြန်မာပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းကြိုးစား အားထုတ်ကြရမည်လည်း ဖြစ်သည်။ ဒီနွေဦးတော်လှန်ရေးပန်းချီကား (ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒ) ကို ဖက်ဒရယ်ဒီမိုကရေစီ လိုလားကြတဲ့ ပြည်သူတဦးချင်းစီ၏ စုတ်ချက်တွေနှင့် အဆုံးသတ်ရမည်မှာ မလွဲဧကန်ပါပဲဟု အားလုံးက ယုံကြည်မျှော်လင့်ထိုက်ကြပေသည်။
ကိုးကားချက် - ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်
ချစ်မင်းနွဲ့ကြည်