Home
မြန်မာသတင်း
အကျဥ်းထောင်များတွင် ဧည့်တွေ့ခွင့်ပြန်ပေးရန် အကျဥ်းကျနေသူများ တောင်းဆို
DVB
·
March 11, 2023
331668175_559422296163536_8534470347627342015_n

နိုင်ငံတဝန်း အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ရောဂါအကြောင်းပြပြီး ဧည့်တွေ့ခွင့် ပိတ်ထားတာတွေ ပြန်ဖွင့်ပေးဖို့ အကျဥ်းကျနေသူတွေက တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မူမဖြစ်စေဖို့ အကြောင်းပြချက်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ၃ နှစ်ကျော်ကြာ ပိတ်ထားခဲ့တာဖြစ်ပြီး ပြင်ပမှာ အဲဒီရောဂါကာကွယ်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်နေပေမယ့် ဧည့်တွေ့ခွင့်ဆက် ပိတ်ခံထားရတာလို့ ဆိုပါတယ်။

လက်ရှိအကျဥ်းကျခံထားရတဲ့ သတင်းအရင်းအမြစ်တဦးက "ထောင်သားတွေက မိသားစုနဲ့တွေ့ခွင့်မရတော့ စိတ်ပိုင်းဆိုင်ရာတွေ အတော်ထိခိုက်နေတယ်။ အခွင့်အရေး အကြီးကျယ်ချိုးဖောက်ခံထားရတဲ့သဘော ဖြစ်နေတယ်။ ဧည့်တွေ့ခွင့်ပြန်ပေးဖို့က လက်ရှိမှာ ထောင်သားတွေအလိုအပ်ဆုံးပဲ" လို့ ပြောပါတယ်။

အခုလို မိသားစုနဲ့တွေ့ခွင့်မရ၊ အဆက်သွယ်လုပ်မရတာကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ တခြားလိုအပ်ချက်တွေလည်း မရဘူးဖြစ်နေလို့လည်း ဆိုပါတယ်။

"ထောင်ဆေးပေးခန်း၊ ဆေးရုံဆိုတာလည်း ဆေးဝါးစုံတာမဟုတ်ဘူး။ ဒီအခြေအနေတွေကို နိူင်ငံတကာအဖွဲ့အစည်းတွေလည်း သိစေချင်တယ်"လို့ အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်အာဏာသိမ်းမူမတိုင်ခင်ကတည်းက ထောင်သားတွေကို ဧည့်တွေ့ခွင့် ပိတ်ထားတာဖြစ်ပြီး အာဏာသိမ်းပြီးနောက် နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေရောက်လာပြီးနောက် စစ်ကောင်စီအနေနဲ့ ဧည့်တွေ့ခွင့်ဆက်ပိတ်တာဟာ ဖိနှိပ်ဖို့အတွက် အသုံးချစရာဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ဧည့်တွေ့ခွင့်ပိတ်ထားပေမယ့် ထောင်ဝင်စာပစ္စည်းပို့ခွင့်ကိုတော့ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024