မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်နဲ့ စုံနံသာကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတားအနီး စစ်ကောင်စီတပ်ရဲ့ ဩဇာခံပြည်သူ့စစ်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင် အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တပ်စခန်းကို ဒီနေ့ မတ် ၁၀ ရက် မနက် ၇ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တာလို့ တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ရန်သူဘက်က ၆ ဦးသေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းကို သိမ်းဆည်းနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူပေးနေတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီကတော့ စခန်းတိုက်ခိုက်ခံရပေမဲ့ ထိခိုက်ကျဆုံးတာ မရှိကြောင်းနဲ့ အခုတိုက်ခိုက်မှုဟာ ပြောက်ကျားတိုက်ခိုက်မှုသာဖြစ်ပြီး စခန်းသိမ်းပိုက်ခံရတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စခန်းစီးနင်းတိုက်ခိုက်မှုအပေါ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တာပါ။
ဒေသခံတွေအဆိုအရ အခုတိုက်ခိုက်ခံလိုက်ရတဲ့ တပ်စခန်းမှာ အရင်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တာ ဖြစ်ပေမဲ့ ပြည်သူ့စစ်ပြောင်းလဲပြီးနောက် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့က တပ်စွဲနေထိုင်နေတာလို့ ဆိုပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။
လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။
စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ထားပါတယ်။