မယ်ဒလင်တစ်လုံးနဲ့ တေးချစ်ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ မြန်မာသံအဆိုတော် တွံတေးစိုးအောင်ဟာ မတ်လ ၉ ရက် ဒီနေ့ မနက်အစောပိုင်းက ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဒီနေ့မနက် ၂ နာရီကျော်က ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ပြောပါတယ်။
“ဒီနေ့မနက်ပေါ့ ၂ နာရီ ၃ မိနစ်က ကျနော့်အဖေ နိုင်ငံကျော်အဆိုတော်တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။”
မြန်မာသံစဉ် တေးသီချင်းပေါင်းများစွာကို ကိုယ်တိုင်ရေး ကိုယ်တိုင်တီးကာ မယ်ဒလင် တလက်တည်းနဲ့ သီဆိုခဲ့တဲ့ အဆိုတော် တွံတေးစိုးအောင်ဟာ တောရောမြို့ပါ ပရိသတ်ရဲ့ လက်ခံအားပေးမှုကိုလည်း နှစ်ပေါင်းများစွာ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။
မြန်မာသံစဥ်သီဆိုသူတစ်ဦးက “စိတ်မကောင်းဘူး။ ပညာရှင်တစ်ယောက် ဆုံးရှုံးသွားတာပေါ့။ စိတ်ရင်းအရမ်းကောင်းတာ။ သင်ဆရာ မြင်ဆရာဆိုလည်း မမှားဘူး”လို့ ပြောပါတယ်။
တွံတေးစိုးအောင်ရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ တကိုယ်တော်စီးရီးက “ကိုကိုလို့ခေါ်ပါ” ဆိုတဲ့ တေးစီးရီးအပါအဝင် တေးစီးရီးပေါင်း ၁၀၀ ကျော်လောက်ရှိခဲ့ပါတယ်။
အဆိုတော်ကျော်ကိုကိုနိုင်က “ဂီတလောကအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့ဗျာ။ အပြင်မှာလည်း တွေ့ဖူး ကြုံဖူးနေတော့ နှမြောတယ်။ ညီလေးဟိန်းကျော်တွက်လည်း စိတ်မကောင်းဘူး”လို့ သူရဲ့လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားပါတယ်။
တွံတေးစိုးအောင်ကို တွံတေးမြို့နယ်၊ ကျုံးကြီးရပ်ကွက်မှာ တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်ရှိပြီ ဖြစ်ပါတယ်။