ရှမ်းပြည်တောင်ပိုင်း အခြေပြု တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ထူထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို မတ်လ ၇ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို ရည်စူးပြီး သံဃာတော်တွေကို အာရုံဆွမ်းကပ်လှူခဲ့ကြပြီး SSLRU က တာဝန်ရှိသူတွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို ၂၀၂၂ မတ်လ ၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီမတိုင်ခင် ရွာငံမြို့နယ်မှာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နာမည်နဲ့ စစ်ရေးလှုပ်ရှားခဲ့တာဖြစ်ပါတယ်။
JPGF ရဲ့ တနှစ်တာကာလအတွင်း ရဲဘော် ၇ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ဦးကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ JPGF ရဲဘော်တဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) နဲ့အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်နေပါတယ်။
မနေ့ကကျရောက်တဲ့ JPGF ဖွဲ့စည်းခြင်း တနှစ်ပြည့်အခမ်းအနားအတွက် SSLRU အပြင် ၁၀၀၉ တပ်ရင်း IPDF တို့ကလည်း အသီးသီး သဝဏ်လွှာတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။