ရခိုင်ပြည်နယ်အတွင်းမှာ တည်ဆောက်မယ့် လေအားလျှပ်စစ်စီမံကိန်း ၃ ခုက ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ အမျိုးသားရေးဝါဒ သြဇာအာဏာချဲ့ထွင်ရေးအတွက်သာ ဖြစ်တယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ် အမ်း၊ သံတွဲနဲ့ ဂွမြို့နယ်တွေမှာ လေအားလျှပ်စစ်ထုတ်လုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်ကုမ္ပဏီတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁ ရက်က နေပြည်တော်မှာ သဘောတူညီမှုစာချွန်လွှာ (MOU) ကို စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
အဲဒီသဘောတူညီမှု စာချုပ်တွေအရ အမ်းမြို့နယ်မှာ ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်မှာ ၁၀၀ မဂ္ဂါဝပ် နဲ့ သံတွဲမြို့နယ်မှာ ၁၁၀ မဂ္ဂါဝပ် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမှာဖြစ်ပြီး ဒေသအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန်က လေအားလျှပ်စစ်ထုတ်လုပ်ရေး သဘောတူစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်ကလည်း လျှပ်စစ်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ်ထွန်းစေမှာ ဖြစ်တဲ့အပြင် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာတနိုင်ငံလုံး ပြည်တွင်းလျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက်ကိုလည်း တရုတ်နိုင်ငံက ကူညီပံ့ပိုး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တရုတ်-မြန်မာအကြား အခုချုပ်ဆိုထားတဲ့ လေအားလျှပ်စစ်စီမံကိန်းတွေဟာ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားမပါဘဲ တရုတ်နိုင်ငံရဲ့ သြဇာအာဏာကြီးထွားရေး အတွက်သာ ဖြစ်တယ်လို့ တရုတ်အရေးလေ့လာသူ သုတေသီတွေက ထောက်ပြထားပါတယ်။
သုတေသီတဦးက “ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေအတွက် တကယ်လုပ်ပေးစေချင်ရင် လေအားလျှပ်စစ်တို့ ဘာတို့နဲ့ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပေးနေဖို့ မလိုပါဘူး။ ဘာလို့လဲဆို ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွင်းတွေ အများကြီးပဲရှိတယ်။ ဒါနဲ့ကို ပေးမယ်ဆိုရင် လုံလောက်တယ်လို့ ကျနော်တို့မြင်တယ်။ ပြီးတော့ အခုလုပ်မယ့် စီမံကိန်းတွေ အကုန်လုံးကို ပြန်ကြည့်လိုက်ရင် တရုတ်ရဲ့ ရှယ်ယာပါဝါ ကြီးစိုးမှုက အရမ်းမြင့်နေတာ။ ဒါက နိုင်ငံရေးအရ အန္တရာယ်ရှိတယ်လို့ မြင်တယ်။ တဖက်မှာလည်း တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဂလိုဘယ်ပါဝါနဲ့ သူတို့ရဲ့ အမျိုးသားရေးဝါဒကို ပါဝါအနေနဲ့ ပြောင်းလဲနေတဲ့ကာလဖြစ်တယ်။ ဒီလို အပြောင်းအလဲမှာ ကမ္ဘာကို ဖြန့်ကြက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အများစုကို လုပ်ဆောင်နိုင်ဖို့အတွက် သူတို့လုပ်နေတဲ့ BRI စီမံကိန်းထဲကနေ ဒါတွေကို စဉ်းစားပြီး လုပ်တာလို့ ထင်တယ်။ ဆိုတော့ ဒီအယူအဆအောက်မှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ အခြေအနေက တရုတ်ရဲ့ အကျိုးစီးပွားအတွက် စတေးရမယ့် အခြေအနေမျိုးကို ရောက်နေရတာ မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်အရေး လေ့လာသူ သုတေသီကလည်း ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ့် စီမံကိန်းအတွက် ရွေးချယ်ထားတဲ့ ဧရိယာတွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွား မပါဘူးလို့ အခုလို မှတ်ချက်ပေးပါတယ်။
“အခု လေအားလျှပ်စစ်စက်ရုံတွေ ဆောက်ဖို့ ပြင်ဆင်တဲ့ နေရာတွေကို ကြည့်တဲ့အခါ သံတွဲနဲ့ ဂွ ဆိုတာက ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ တံတားက သိပ်မကြာခင်ကာလက ဖွင့်လှစ်ထားတာ။ ဆိုတော့ ပြည်မနဲ့က ဆက်သွယ်လို့ တော်တော်ကောင်းသွားတဲ့ အခြေအနေပေါ့။ ဒီတော့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းကို တကယ်တမ်းလုပ်မယ်ဆိုရင် ငပလီထက် ပိုပြီးလှတဲ့နေရာက ဂွမြို့နယ် ဖြစ်တယ်။ အမ်းမြို့ဆိုတာက ရခိုင်ပြည်နယ်မှာ တောင်ပေါ်မြို့နယ်ဖြစ်တယ်။ တောင်ပေါ်မြို့နယ်ဖြစ်လို့ အမ်းမြို့က လက်ရှိမှာဆိုရင် စစ်တပ်ရဲ့ အဓိက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တည်ဆောက်ထားတဲ့ နေရာလည်း ဖြစ်တယ်။ အမ်းမြို့ကို သူတို့ ဘာကြောင့်ယူသလဲဆိုရင် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းက အမ်းမြို့နယ်ထဲက ဖြတ်တာလေ။ ဒါကြောင့် ရှင်းရှင်းပြောရရင် ဒီစီမံကိန်းတွေ အကုန်လုံးက ဒေသခံ ပြည်သူတွေအတွက် ဘာအကျိုးအမြတ်မှ မရှိဘူး။ အကျိုးအမြတ် ရှိရအောင်လည်း လေအားကနေ ထုတ်ယူတဲ့ လျှပ်စစ်မီတာခ ဈေးနှုန်းက တယူနစ်ကို ဘယ်လောက်ထိရှိမလဲ ဆိုတာကအစ ပြည်သူတွေ ဘယ်သူမှတောင် သိမှာမဟုတ်ဘူး။ ပြီးတော့ လေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဈေးနှုန်းနဲ့ လက်ရှိ ရခိုင်ပြည်သူတွေရဲ့ ဝင်ငွေနဲ့ ဘယ်လိုလုပ်ပြီး လျှပ်စစ်မီးကို ယူနိုင်မှာလဲ။”
ရခိုင်ပြည်နယ်မှာ တည်ဆောက်မယ့် လေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရဲ့ ခြေလှမ်းသစ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ စီမံကိန်းအားလုံးကို ၂၀၂၅ နောက်ဆုံးထားပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ဂွမြို့နယ်မှာ တည်ဆောက်မယ့် စီမံကိန်းကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ စတင်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။