ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှာ မြန်မာဒုက္ခသည်အရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ Maesot Refugee Voice အဖွဲ့ဝင် အမျိုးသမီးတဦးကို မတ် ၆ ရက် ညပိုင်းက ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ Maesot Refugee Voice အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ည ၉ နာရီလောက်က အဆိုပါ ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ ဟွေးကလုတ်ရှိ မိတ်ဆွေတဦးရဲ့အလှူကိုသွားပြီး ပြန်အလာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မဲဆောက်မြို့၊ ကမ်းနဖူးမှာရှိတဲ့ အချုပ်မှာ ထည့်ထားပြီး ဖုန်းကို သိမ်းထားတယ်လို့ ဆိုပါတယ်။
Maesot Refugee Voice အဖွဲ့က တာဝန်ရှိသူတစ်ဦးက “မနေ့က ညက ဖမ်းခံရတာ။ ဖမ်းခံရရချင်း ကျနော်တို့ကို လှမ်းဆက်သွယ်တယ်။ ပုံတွေလည်း ပို့ပေးတယ်။ အလှူတခုမှာ သွားကူရင်း အပြန်မှာ တောမောင်း (လဝကရဲ) က ဖမ်းသွားတာ။ ပြီးတော့ ကမ်းနဖူး အကျဥ်းဆောင်ကို ခေါ်သွားတယ်လို့ ပြောတယ်၊ UNHCR ကိုလည်း ဆက်သွယ်ထားတယ်၊ သူတို့လိုက်လုပ်နေပြီလို့တော့ ပြောတာပဲ” လို့ ပြောပါတယ်။
ဖမ်းခံရတဲ့အမျိုးသမီးဟာ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြကြွေးကြော်ရာမှာပါဝင်ခဲ့ပြီး မြန်မာပြည်ကနေ တိမ်းရှောင် ထွက်ပြေးခဲ့ရပြီးတော့ မဲဆောက်မြို့မှာ ရဲကတ်နဲ့ နေထိုင်ခဲ့ကာ ဒုက္ခသည်တွေကို ကူညီပေးဖို့နဲ့ တ်သက်ပြီး တောင်းဆိုနေသူတစ်ယောက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေစတင်ပြီး ထိုင်းစစ်တပ်နဲ့ လ.ဝ.က တို့ ပူးပေါင်းပြီး တရားမဝင် နိုင်ငံသားတွေကို ဖမ်းဆီးတာ ပိုမိုများလာခဲ့ပြီး မတ် ၃ ရက်နေ့ကလည်း UNHCR ရုံးကို ဒုက္ခသည်အရေး ဆန္ဒပြတောင်းဆိုဖို့လာတဲ့ လူတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။