ကရင်နီပြည် စစ်ဒေသအတွင်း စစ်ကောင်စီတပ်က အင်အား ၁၅၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်စတင်နေပြီး လတ်တလောမှာတော့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ အမှတ် ၁ ရဲ့ နွေဦးစစ်ဆင်ရေး ရန်ပုံငွေလိုအပ်ချက်အတွက် မတ် ၁၁ ရက်က စတင်ကာ ရန်ပုံငွေရှာဖွေရေးအလှူခံပွဲ ပြုလုပ်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO ၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောပါတယ်။
အခုနွေရာသီမှာတော့ စစ်ရေးအရှိန်မြှင့်နေတာကြောင့် ကရင်နီပြည် စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေမှုမှာ စစ်ဆင်ရေးအတွင်း လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေနဲ့ အသုံးပြုမယ့် လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းချပြတာ၊ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကုန်ကျစရိတ်တွေ၊ တင်ရှိနေတဲ့ ပေးချေရမယ့် ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ၊ KNDF က ထုတ်လုပ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အပတ်စဉ် စနေနေ့တိုင်း ဟောပြောပွဲအစီအစဉ်နဲ့အတူ ဧပြီ ၁၁ ရက်အထိ ၁ လတာ ရန်ပုံငွေအလှူခံသွားဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ယောက် သေဆုံးကာ ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေက လက်နက် ၃၄ လက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး KNDF ဘက်ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရကာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ဘက်-အရပ်ဘက် မခွဲခြားဘဲ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။