တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး စက်သုံးဆီသယ်ယူခွင့် ကန့်သတ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီက ပုလောမြို့နယ်ထဲမှာရှိတဲ့ ပုလော၊ ပလ၊ ပလောက်နဲ့ တခြားမြို့ ကျေးရွာတွေမှာ ဓာတ်ဆီသယ်ယူခွင့် ကန့်သတ်ထားပြီး ဓာတ်ဆီ တလီတာထက်ပိုပြီး သယ်ယူပါက ဖမ်းဆီးအရေးယူတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့ တရက်လောက်ကလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဂျင့်ဂါရွာမှာရှိတဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ ဓာတ်ဆီပုံးတပုံးနဲ့ ဓာတ်ဆီ ၁၀ ဘူးတွေ့လို့ စစ်ကောင်စီတပ်သားတွေက ဒေသခံတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။”
စစ်ကောင်စီက လောင်စာဆီယာဉ်တွေကို ပုလောမြို့နယ်ကနေ ဖြတ်သန်းခွင့်မပြုဘူးလို့လည်း ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီက ပုလောမြို့နယ်အတွင်း ကျေးရွာတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီအပြင် အနွေးထည်အင်္ကျီတွေပါ ကန့်သတ်လာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ပုလောမြို့နယ်အတွင်းရှိ ဆီဆိုင်ပိုင်ရှင်တွေဘက်ကလည်း စစ်ကောင်စီကိုကြောက်လို့ သတိကြီးစွာနဲ့ ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ ရောင်းချနေရပြီး ဒေသခံပြည်သူတွေကလည်း ဓာတ်ဆီမလုံလောက်မှုကြောင့် ခရီးသွားလာရတာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပုလောမြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ပုလောမြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။