Home
မြန်မာသတင်း
ကော့သောင်းတွင် ဆလုံလူမျိုးများ၏ ရိုးရာနတ်ပွဲကျင်းပ
DVB
·
February 27, 2023
333808071_237693135354813_3499879919935555778_n
333798607_1925331241135815_4844589944889736442_n
333798264_1211430496158862_4065016452866682372_n
333213962_746808926810979_3149224430879855373_n
333735065_591221412561472_299834413680743154_n
333732885_727514912084829_5082984128463885752_n
333520692_210520458126911_3766479399784520791_n

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ညောင်ဝီးကျေးရွာမှာရှိတဲ့ လူနည်းစု မော်ကင်းခေါ် ဆလုံလူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ နတ်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူထံမှ သိရပါတယ်။

အဆိုပါနတ်ပွဲကို ညောင်ဝီးကျေးရွာမှာရှိတဲ့ ဆလုံလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေဆီက အလှူငွေကောက်ခံပြီး ပြုလုပ်တာဖြစ်ပါတယ်။

ပွဲစီစဉ်သူက“ကျနော်တို့က နှစ်စဉ် ဆလုံလူမျိုးတွေရဲ့ နတ်ပွဲကို အကျဉ်းချုံးပြုလုပ်ပေးတယ်။ ဆလုံလူမျိုးတွေက ဆွေမျိုးအသိုင်းအဝိုင်းပေါ်မူတည်ပြီး သုံးနေရာခွဲထားတယ်။ သေဆုံးသွားတဲ့ ဆွေမျိုးတွေ နေခဲ့တဲ့ ကျွန်းတွေကိုလည်း ဆလုံလူမျိုးတွေက နှစ်သက်ကြတယ်။ ဥပမာ သူတို့ရဲ့အဘိုးလုပ်ခဲ့တဲ့နေရာဆိုရင် အဲ့နေရာသွားပြီး နတ်သွားကပေးရတယ်” လို့ ပြောပါတယ်။

၂၀၂၀ မတ်လမှာ ကောက်ခံရရှိတဲ့ မော်ကင်းခေါ် ဆလုံလူဦးရေစာရင်းအရ ညောင်ဝီးကျေးရွာမှာ ဆလုံလူမျိုးတွေရဲ့ နေအိမ် ၃၃ လုံးရှိပြီး ဆလုံလူဦးရေ ၁၃၅ ဦးရှိတယ်လို့ သိရပါတယ်။

“ဆလုံလူမျိုးတွေက နတ်ပွဲတွေမှာ အရင်က ထန်းအရက်နဲ့ ပူဇော်ပသကြပြီး အခုအချိန်မှာတော့ ဘီယာ၊ မန္တလေးရမ်နဲ့ စပိုင်တို့ ပြောင်းလဲအသုံးပြုလာကြတယ်။ ကျနော်တို့ ဗမာတွေကလည်း ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ပေးတော့ သူတို့အနေနဲ့ လုပ်ရတာ အားရှိလာကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဆလုံလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကို မူရင်းအတိုင်း နိုင်ငံတော်အဆင့် ထိန်းသိမ်းကာကွယ်ပေးတာမျိုး မဟုတ်ဘဲ တခြားကိုးကွယ်ယုံကြည်မှုတွေက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲ့ အပြိုင်အဆိုင် လွှမ်းမိုးနိုင်အောင် ကြိုးစားနေတာတွေကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဆလုံလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေဟာ အချိန်တခုခုမှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ဆလုံအရေးကို လေ့လာသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ်မှာ ဆလုံလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ပုရောဝါ၊ ဒုံးပလဲအော်၊ ဒုံးညောင်မိုင်း၊ မိုးမလင်း၊ လငန်း၊ အလယ်မာန်၊ ကံမော်ကြီး၊ မကြုံကလက်၊ ညောင်ဝီး၊ ဂျာအုန်း၊ ဂျလန်းနဲ့ ဇာဒက်ကြီးတို့ဟာ မော်ကင်းခေါ် ဆလုံလူမျိုးတို့ရဲ့ နေထိုင်ရာဒေသတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024