ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ကော်သူးလေနယ်မြေအတွင်း ကရင်စစ်ဘေးရှောင်ဦးရေ ၅၃၀,၀၀၀ ကျော်အထိ တိုးလာနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ပါတယ်။
ဒီလို စစ်ဘေးရှောင်ဦးရေ တိုးပွားလာရတဲ့ အဓိကအကြောင်းအရင်းမှာ အာဏာသိမ်း စစ်ကောင်စီကနေပြီး ကော်သူးလေနယ်မြေတွေထဲကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်လက်နက်ကြီးတွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ လအနည်းအငယ်က ကော်သူးလေနယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး လူထုတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဖော်ပြပါတယ်။
အထူးသဖြင့် ညောင်လေးပင်ခရိုင်တခုတည်းမှာ စစ်ကောင်စီရဲ့ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ နီးပါးရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၂၀ နဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ကာ အရပ်သား ၂၉ ဦး သေဆုံးခဲ့ရကြောင်း KPSN ရဲ့ အစီခံစာမှာ ဖော်ပြပါတယ်။
သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက စစ်ရှောင် ၇၄,၀၀၀ ကျော်ကနေ အခု ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ်အထိ ၁၂၈,၀၀၀ ကျော်အထိ တိုးမြင့်လာသလို ညောင်လေးပင်ခရိုင်မှာလည်း ပြီးခဲ့တဲ့နှစ်က စစ်ရှောင် ၆၁,၀၀၀ ကျော်ကနေ အခု ၁၄,၀၀၀ ကျော်အထိ တိုးမြှင်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အရင်နှစ်က ဘားအံခရိုင်အတွင်း အိုင်ဒီပီမရှိခဲ့ပေမဲ့ အခု ၁၀,၀၀၀ ရှိနေကြောင်း ဖော်ပြထားပါတယ်။
ဒီလို စစ်ဘေးရှောင်ဦးရေ များပြားလာမှုကြောင့် လာမယ့် ၁၂ လတာကာလအတွင်း အခြေခံစားသောက်ကုန်အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်း အရေးပေါ် လိုအပ်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။