ရန်ကုန်မှာ ဆန်ကြမ်းတအိတ်ကို ကျပ် ၅၇၀၀၀ လောက်ထိ ဈေးပြန်ကျလာပြီး ရွှေဘိုပေါ်ဆန်းကတော့ ကျပ် ၈၅၀၀၀ ဝန်းကျင်မှာပဲ ဈေးငြိမ်နေတယ်လို့ ဆန်ရောင်းချနေသူတွေထံက သိရပါတယ်။
ဆန်ကြမ်းဈေးနှုန်းတွေဟာ မကြာသေးခင်က တအိတ်ကို ကျပ် ၅၉၀၀၀ ကနေ ကျပ် ၆၀၀၀၀ လောက်အထိမြင့်တက်ခဲ့ပြီးတော့ ယခုလ ၂၅ ရက်နေ့မှာ တအိတ်ကို ကျပ် ၂၅၀၀ ကနေ ကျပ် ၃၀၀၀ လောက်အထိကျဆင်းလာတာကြောင့် ဆန်ကြမ်းတအိတ်ကို ကျပ် ၅၇၀၀၀ နဲ့ ၅၈၀၀၀ အကြားမှာအရောင်းအဝယ်ဖြစ်နေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
“တချို့နေရာတွေကမကျဘူး၊ တချို့နေရာတွေကကျတယ်။ ဆန်ဈေးက ရွှေဈေးလိုပဲ။ ရန်ကုန်မှာတော့ ဇီယာတို့ ဆင်းသွယ်တို့ ကျလာတယ်။ အများယူရင် ငါးသောင်းခြောက်ထောင်လောက်နဲ့ ရတယ်”လို့ ဆန်ရောင်းချနေသူတဦးက ပြောပြပါတယ်။
ဒီလိုဆန်ကြမ်းဈေးနှုန်းတက်လာတာဟာ ပြည်ပကို တင်ပို့တာတွေနဲ့ ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲတွေကြောင့် ဆန်ကြမ်းဈေးနှုန်းတွေမြင့်တက်ခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် မတ်လမှာ နွေစပါးထွက်ရှိတော့မှာဖြစ်လို့ ဆန်ကြမ်းဈေးနှုန်းတွေ ကျလာတာဖြစ်နိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားပြီး ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းကတော့ ဈေးငြိမ်နေတယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်တွေအပြင် တခြားကုန်စည်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ယခင်အစိုးရကြောင့် ကုန်ဈေးနှုန်းတက်တာလို့ ဝေဖန်ပြောဆိုပါတယ်။