ရန်ကုန်၊ ရွှေပေါက်ကံမြို့သစ်၊ မော်ကျွန်းမှတ်တိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက်ည ၉ နာရီကျော်က အန်စာတုံးကားတစီးနဲ့ ဆယ်ကယ်တိုတစီးမတော်တဆ တိုက်မိပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မိသားစုဝင်လေးဦးစီးလာတဲ့ ဆိုင်ကယ်ကို မနေ့ ၉ နာရီ ၁၀ မိနစ်လောက်မှာ ပုဂံလမ်းမကြီး မော်ကျွန်းမှတ်တိုင် EPC ရုံးရှေ့မှာ အန်စာတုံးကားတစ်စီးက တိုက်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"သုံးယောက်က တိုက်တဲ့နေရာမှာတင် ပွဲချင်းပြီးသေတယ်။ လင်မယားနှစ်ယောက်နဲ့ ၄ နှစ်အရွယ်ယောကျ်ားလေးတစ်ယောက်၊ ၇ နှစ် ရွယ် ကလေးမလေးက ဆေးရုံပို့ သေးတယ်။ ၁၂ နာရီလောက်မှ သေတာ"လို့ ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်စဉ်မှာ သေဆုံးသူသုံးဦးရဲ့ အလောင်းတွေကို မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပြီး ဒဏ်ရာရရှိတဲ့ ကလေးငယ်ကို မေဓာဝီဆေးရုံကိုပို့ဆောင်ပေးခဲ့ရာ ၁၂ နာရီကျော်မှာ ဆေးကုသရင်းထပ်မံသေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရပါပြီဖြစ်ကြောင်းနဲ့ ရွှေပေါက်ကံ ၂၂ ရပ်ကွက်ထဲကပါ ဧည့်စာရင်းနဲ့လိုင်းခန်းမှာနေတဲ့ မိသားစုတွေဖြစ်ကြောင်းလည်း ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အန်စာတုံးယာဥ်မောင်းကို ဖမ်းဆီးထားကာ ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ စစ်ဆေးနေပါတယ်။