မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုက ရွှေလှံဖိုလ် (ကန်အောက်ရွာ) နဲ့ စိုက်ပျိုးရေးရွာအကြား (မြလိပ်တောင်ကြာကန်) မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၀ နာရီခွဲလောက် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ပါတဲ့ စစ်ကားကို ပဒေသာမိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။
"မိုင်းဆွဲတော့ကားကိုထိတယ်၊ ကားကအပေါ်မြှောက်သွားတာ။ ကားပေါ်ပါတဲ့ ၂၀ မှာ ၉ ယောက်သေတာကို မျက်မြင်တွေ့ရတယ်၊ ကျန်တဲ့သူတွေက အကုန်ထိခိုက်ဒဏ်ရာရတယ်၊ ကားကိုတော့ သူတို့ကရိန်းနဲ့လာဆွဲသွားတယ်" လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားတွေရောက်လာပြီး အနီးနားဝန်းကျင်ကို သေနတ်တွေနဲ့ ရမ်းသန်းပစ်ခဲ့ကာ အနီးနားကျေးရွာက ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းတပ်မ ၃၃ ကနေ မြင်းမူမြို့ကိုလာတဲ့ အာဏာသိမ်းစစ်တပ်က စစ်ကားကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း (နဂါးနီတပ်ရင်း) က သိရပါတယ်။
"သူတို့အင်အား ၃၀ ပါတယ်၊ သူတို့ကိုလည်း မိုင်းဆွဲတိုက်ခိုက်တာပဲ။ သူတို့ထဲက မြို့နယ်စခန်းမှူးသေတယ်" လို့ ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း (နဂါးနီတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။