တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုး အင်အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာလိုက်ပါတယ်။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်တို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး(Martial Law)အာဏာကိုကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်း လိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။
ဒီအမိန့်အရ တိုင်းမှူးဟာ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲအပ်၍သော် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်တာဖြစ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးပြီး သေဒဏ်ပေးနိုင်ခွင့်အထိပေးထားတာဖြစ်ပါတယ်။
အခုလို စစ်အုပ်ချုပ်ရေးကြေညာတာဟာ ဒီနယ်မြေတွေမှာ စစ်ကောင်စီအနေနဲ့ နယ်မြေထိန်းချုပ် စိုးမိုးနိုင်စွမ်း မရှိတော့ဘူးဆိုတာ ဝန်ခံသက်သေပြလိုက်တာဖြစ်သလို တဖက်မှာလည်း အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုအပေါ် မီးကုန်ယမ်းကုန် ရက်ရက်စက်စက် ဖိနှိပ်မှု ဖမ်းဆီး သတ်ဖြတ်အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်ခွင့် လိုင်စင်ထုတ်ပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကိုလည်း ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာကြောင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ်ရှိလာပြီဖြစ်ပါတယ်။