အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲမှာ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ စစ်ရေးပြလှည့်လည်ခဲ့ပါတယ်။
စစ်ရေးပြနဲ့ ချီတက်အလေးပြုကြတဲ့ စစ်ကြောင်းတွေကတော့ ပျံလွှားအောင်စစ်ကြောင်း၊ နန်းထိုက်အောင်စစ်ကြောင်း၊ ဟင်္သာစစ်ကြောင်း၊ တနင်္သာရီစစ်ကြောင်း၊ ဧရာဝတီစစ်ကြောင်း တို့ဖြစ်ကြပြီး သင်တန်းဆင်းပွဲကိုတော့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တာလို့ သိရပါတယ်။
သင်တန်းကာလကိုတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ်ကနေ ဒီဇင်ဘာ ဒုတိယပတ်အထိ ၃ လ သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာ ၁၇ ရက်မှာ ကျင်းပခဲ့ပြီး NUG စစ်တိုင်းတာဝန်ခံတွေ၊ ဌာနအသီးသီးမှတာဝန်ရှိသူတွေ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်တွေ၊ မရိန်းတပ်ဖွဲ့ဝင်ဟောင်း သင်တန်းဆရာတွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သင်တန်းသားတွေကိုတော့ အထူးကွန်မန်ဒို၊ အထူးချေမှုန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသတာတွေ အပါအဝင် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စာတွေ့ လက်တွေ၊ နေ့ရောညပါ သင်ကြားပို့ချခဲ့ကြတာဖြစ်ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။