မကွေးတိုင်း ပခုက္ကူမြို့နယ်က အိမ်ခြေ ၈၀ ကျော်လောက်ရှိတဲ့ ရေကြို(စံပြ) ရွာကို ဖေဖော်ဝါရီ ၁၂ ရက်မနက်ပိုင်း စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၅၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အဲဒီဒေသခံတွေဟာ သိမ်တော်၊ ညောင်နီပင်၊ ညောင်လှ၊ အိုင်ကြီး၊ ပေါက်တော၊ ကံကြီးစု၊ ဆင်လန်၊ မြို့ဆိုးနဲ့ ရေကြို(စံ)ပြကျေးရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။
ညောင်ပင်နီရွာ စစ်ရှောင် တဦးက “ကျနော်တို့တွေမှာ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေး လာခဲ့ရလို့ အစားအသောက်တွေ ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေကြပြီး” လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်တဲ့နေရာမှာလည်း မွေးကင်းစကလေးငယ်တွေအပါအဝင် သက်ကြီး ရွယ်အိုတွေကို ခက်ခက်ခဲခဲ ထမ်းပိုးထွက်ပြေးခဲ့ရပြီး တောတောင်တွေထဲမှာ ဖြစ်သလို နေနေ ကြရကာ စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က စစ်ကောင်စီရဲ့ BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မနက် ၉ နာရီကျော်လောက်မှာ ရဟတ်ယာဥ်နဲ့ပစ်ခတ်ခဲ့လို့ သိမ်တော်ရွာက အသက် ၄၈ နှစ်အရွယ် မရွှေဌေးရဲ့ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးဝါး ကုသ ပေးထားရတယ်လို့ ညောင်နီပင်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး တယောက်၊ ဒုဗိုလ်တယောက်အပါဝင် ၇ ယောက် သေဆုံးပြီး တပ်ကြပ်ကြီး တယောက်နဲ့ တပ်သား ၂ ယောက် အရှင်ဖမ်းမိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ပ.က.ဖတာဝန်ခံ ဗိုလ်Cross က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က MA1 သေနတ် ၃လက်၊ကျည်ဘောက် ၆ခု၊ ကျည်ဆံ အတောင့် ၈၀၊ အူစီကျည်ဘောက် ၁၇ ဘောက်၊ စစ်ပစ္စည်း အီကွေးမန့်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။