ပဲခူးတိုင်း (အနောက်ခြမ်း)၊ ပြည်မြို့မှာ နှစ်ရက်ဆက်တိုက် အိမ်ရာမဲ့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ပြည်မြို့ ဆံတော်ရပ်ကွက်မှာ တဦး၊ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက နဝဒေးလမ်းဘေးမှာ တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့သူတွေဟာ နာတာရှည်ရောဂါမရှိဘဲ သွားလာလှုပ်ရှားနေရင်း သေဆုံးတာဖြစ်ပြီး အခုလိုသေဆုံးတဲ့ဖြစ်စဉ်မျိုး မကြာခဏဆိုသလို ဖြစ်ပွားနေကာ သတိလစ်တယ်ထင်လို့ ဖုန်းဆက်အကူအညီတောင်းလို့ သွားကြည့်တဲ့အခါ သေဆုံးနေပြီလို့ ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။
အိမ်ရာမဲ့အများစုဟာ မူးယစ်ဆေးအနေနဲ့ ကော်ရှူကြပြီး အရင်က ပြည်မြို့ ကမ်းနားလမ်းမှာ နေထိုင်နေကြကာ စစ်တပ်က ဖယ်ရှားပြီးတဲ့နောက် မြို့နေရာအနှံ့ သွားလာနေပြီး အခုလို သေဆုံးမှုတွေ ရှိလာတာလို့လည်း ဆိုပါတယ်။
သေဆုံးသူအများစုက အသက် ၄၀ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အခုလို သေဆုံးခဲ့တဲ့ အမျိုးသား ၅ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။