မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ရွာသာယာရပ်ကွက်က ကျိုက်ဝယ်နွဲသွားလမ်းဘေးခြံထဲက ရေတွင်းမှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ခြံလုပ်သား အမျိုးသားတယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အသက် ၅၂ နှစ်ရှိ ဦးတင်ဦးဟာ အနက် ပေ ၂၀ ရှိ ရေတွင်းထဲ ရာဘာသစ်တုံး ဆင်းဆယ်ရာက အောက်ဆီဂျင် ပြတ်သေဆုံးသွားတာဖြစ်ပြီး အလောင်းကို ၁ နာရီကျော်ကြာ ဆင်းဆယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးတင်ဦးဟာ ခြံလုပ်သားလည်းဖြစ်သလို တခြားမြို့ကနေ လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်း လုပ်သားတယောက်လည်း ဖြစ်ပြီး သူရဲ့ ရုပ်အလောင်းကို လမိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ်။
ရေးမြို့နယ်ထဲမှာ ရာဘာဥယျာဥ်ခြံလုပ်ငန်းနဲ့ ပင်လယ်ရေလုပ်ငန်းတွေမှာ တခြားနယ်တွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေအနက် ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်မှာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဖြစ်ပါတယ်။