ရန်ကုန်ရှိ ယုဇနပလာဇာတာဝန်ရှိသူတွေက ဖုန်းပြင်ဆိုင်တွေကို ဖုန်းပြင်ရာမှာသုံးတဲ့ ခဲဂေါက်အပါအဝင် မီးဘေးအန္တရာယ်ရှိနိုင်တဲ့ အပူထွက်လျှပ်စစ်ပစ္စည်းကိရိယာအတော်များများ အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး ဆိုင်ခန်းငှားခတွေလည်း တိုးမြှင့်ကောက်ခံဖို့ စီစဥ်နေတာကြောင့် ဆိုင်ရှင်တွေ အခက်ခဲတွေ့နေရတယ်လို့ သိရပါတယ်။
ယုဇနပလာဇာရှိ ဖုန်းပြင်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ကိရိယာတွေဟာ မီးဘေးအန္တရာယ် ရှိနိုင်တာ ကြောင့် ဖုန်းပြင်ရာမှာသုံးတဲ့ ခဲဂေါက်၊ အပူပေးကိရိယာ၊ မှန်ပေါင်းစက် (မှန်ခွာ ၊ မှန်ကပ်)နဲ့ အပူထွက်နိုင်တဲ့ လျှပ်စစ်ပစ္စည်းကိရိယာမှန်သမျှ ဇန်နဝါရီ ၃၁ ရက်ကို နောက်ဆုံးထား သိမ်းဆည်းကြဖို့ ယုဇနပလာဇာအုပ်ချုပ်မှုကော်မတီက ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာ ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ ဖုန်းပြင်ဆိုင်တွေအတွက် ဘယ်လိုမှ လိုက်နာလို့ မရနိုင်တဲ့ အချက်တွေဖြစ်နေပြီး ဖုန်းပြင်ဆိုင်ပိုင်ရှင်တွေ စုပေါင်းဆွေးနွေးတိုင်ပင်ပြီး အုပ်ချုပ်မှုကော်မတီကို အသနားခံစာပို့ကာ ပြန်လည်ညှိနှိုင်းပေးဖို့ တင်ပြထားပေမယ့် ဘာမှ အကြောင်းပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဖုန်းပြင်ဆိုင်ပိုင်ရှင်တဦးက “အဓိက service ပြန်လုပ်ရတာလိုချင်ပါတယ်။ စျေးလည်း မတက် စေချင်ဘူး။ တာဝန်ရှိသူတွေ ပြန်လည် ညှိနှိုင်းပေးစေချင်တယ် “လို့ပြောပါတယ်။
ဒီကြေညာချက်အတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ ဖုန်းပြင်ဆိုင် လုပ်ငန်းတွေ အကုန် ရပ်နားထားရမှာဖြစ်ပြီး မိသားစုစားဝတ်နေရေးတွေ အကုန်ကျပ်တည်းကုန်မယ်လို့လည်း ပြောပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ယုဇနပလာဇာစျေးအုပ်ချုပ်ရေးမှူးကခေါင်းဆောင်ပြီး လုပ်နေတာဖြစ်လို့ ပလာဇာပိုင်ရှင် ဦးဌေးမြင့် သိရှိပြီး သက်သက်ညှာညှာ ဖြေရှင်းပေးဖို့ စျေးဆိုင်ပိုင်ရှင်တွေက လိုလားနေကြပါတယ်။
ဒါ့အပြင်ဟိုတိုင် ဒီတိုင်တွေလုပ်ရင် လုပ်တဲ့ဆိုင်ပါ ပိတ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်တာ တွေရှိ နေတဲ့အတွက် ဘယ်သူမှ အသံမထွက်ရဲဘူးဖြစ်နေတာလို့လည်း စျေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။