ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီ ၄ ရက် ညနေက စေတနာမွန်လူမှုကူညီရေးယာဉ် တစီး လမ်းလယ်ဘလောက်တုံးတွေကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားတာကြောင့် ယာဉ်ပေါ်ပါလာသူ ၆ ဦးအနက် ကင်ဆာလူနာမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
သေဆုံး ဒဏ်ရာရသူတွေကို စကားအင်းအမြန်လမ်းရဲစခန်းနဲ့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့က ကူညီကယ်ဆယ်ရေးတွေပြုလုပ်ပြီး တံတားဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ လူနာအမျိုးသားဟာ တံတားဦးမြို့နယ်၊ ရေထွက်ကြီးကျေးရွာနေ အသက် ၈၅ နှစ်အရွယ် ၊ ကင်ဆာရောဂါခံစားနေရသူလို့ သိရပြီး အဆိုပါနေ့က မန္တလေးကို ကင်ဆာဆေးသွား သွင်းပြီးအပြန်လမ်းမှာ ယာဉ်တိမ်းမှောက်ခဲ့တာပါ။
ရေထွက်ကြီးကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက"ကားပေါ်ပါသွားတဲ့ ၆ ယောက်စလုံးက ရွာက လူတွေချည်းပါပဲ၊ လူနာကို မန္တလေး ဆေးသွင်းတာ၊ အပြန်မှာ ဖြစ်တာပါ၊ လူနာကတော့ ဆုံးသွားပါတယ်၊ ယာဉ်မောင်းကောင်လေးကိုတော့ လောလောဆယ် အမြန်လမ်းက ရဲစခန်းတစ်ခုမှာ ခေါ်ပြီး စစ်နေပါတယ်၊ အသင်းက ရွာကနေ ကိုယ်ထူကိုယ်ထ ဖွဲ့ထားတာပါ၊ ဆီဖိုးကလွဲလို့ ပိုက်ဆံလည်း မယူပါဘူး၊ ကောင်လေးကလည်း ကူညီပြီး လိုက်မောင်းပေးတာပါ၊ မန္တလေးမတက်ခင် မနက်ကတည်းက သူက ချောင်းတွေ ဆိုးနေတာ၊ အပြန်လမ်းမှာ ချောင်းတွေ တအားဆိုးလာလို့ လမ်းဘေးရပ်ဖို့ လုပ်နေချိန်မှာ ခေါင်းက မိုက်ကနဲ ဖြစ်သွားပြီး တိုက်မှကို သိလိုက်တာလို့ ပြောတယ်၊ လူနာကတော့ ကားမှောက်လို့ ဆုံးသွားတာ မဟုတ်ဘဲနဲ့ လန့်ပြီးတော့ ဖြစ်သွားတာလို့ သိရပါတယ် " လို့ ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူဟာ အသက် ၃၃ နှစ်အရွယ် အရက်သောက်စားတတ်သူ မဟုတ်ဘူးလို့ ဒေသခံတွေပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ စေတနာမွန်လူမှုကူညီရေးယာဉ်ကလည်း ကျေးရွာပိုင်ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့