တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ PDF တွေအားလုံး ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေအာမီကနေ ထွက်ဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ (၄) ကနေ ဇန်နဝါရီ ၃၁ ရက်နေ့က အသိပေး ကြေညာထားပါတယ်။
အလားတူ ကော်သူးလေအာမီ ဗိုလ်စောအယ်ခွီး အဖွဲ့ကလည်း PDF တွေ အနေနဲ့ (ကေအန်ယူ တပ်မဟာ (၄) ကိုရည်ညွှန်းပြီး) စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းကနေ ထွက်ကြဖို့တန်ပြန် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်စောအယ်ခွီး အဖွဲဟာ ကေအန်ယူအုပ်ချုပ်ရေးကို ဝင်ရောက် နှောင့်ယှက်နေပြီး ကေအန်ယူကို ဆန့်ကျင်ပုန်ကန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကေအန်ယူ တပ်မဟာ (၄) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် PDF တွေ အနေနဲ့ ကေအန်ယူကို ပုန်ကန်တဲ့ အဖွဲ့မဖြစ်စေဖို့ ဗိုလ်စောအယ်ခွီး အဖွဲ့ကနေ ထွက်ခွာကြဖို့အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဗိုလ်စောအယ်ခွီးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တခုဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် ငွေညှစ် ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတာကြောင့် အဲဒီအဖွဲ့ကနေ PDF တွေ ထွက်ခွာဖိုနဲ့ မထွက်ရင် ဖြစ်လာမယ့် အကျိုးဆက်ဟာ မလိုက်နာသူအပေါ်တွင် သာမူတည်မယ်လို့ ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။
အခုလိုထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့အဖွဲ့စည်းအသီးသီးက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မေးမြန်းလို့မရခဲ့ပါဘူး။