တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “ရောင်နီလာရာလမ်း” တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို မနက်ဖြန် ဖေဖော်ဝါရီ ၄ ရက်က စတင်ကာ နိုင်ငံတကာက မြို့ကြီး ၅ မြို့မှာ ပြသသွားမယ်လို့ သိရပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနိုင်ဖို့ ဖန်တီးရိုက်ကူးထားတဲ့ ဒီကားကိုတော့ ဂျပန်နိုင်ငံမြို့တော် တိုကျို၊ နာဂိုယာမြို့တွေ အပါအဝင် အမေရိကန်၊ ဆွီဒင်၊ နယ်သာလန် နိုင်ငံတွေမှာပါ တပြိုင်တည်းပြသဖို့ စီစဉ်ထားပြီး ဒါရိုက်တာကိုပေါက်ရဲ့ အာဏာမသိမ်းခင် အခြေအနေကနေ အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတယောက်ဘဝ၊ ပြေးခဲ့ရ ပုန်းခဲ့ရတဲ့ ဝရမ်းပြေးဘဝ၊ အဲဒီနောက် တော်လှန်ရေးသမားဘဝ စတဲ့ ဘဝတွေမှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကို မှတ်တမ်းရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။