ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်မှာ ထိုင်းစစ်တပ်နဲ့ မူးယစ် ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပွါးပြီး စိတ်ကြွဆေးပေါင်း ၅ သန်း ၇ သိန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်နဲ့ အမှတ် ၂ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် ည ၉ နာရီခွဲလောက်က မိုင်းနကျေးရွာအုပ်စုတွင်း နယ်မြေလုံခြုံရေးစောင့်ကြပ်နေစဉ် မိုင်းန နဲ့ နောင်ချိုကျေးရွာကြား မြန်မာနယ်စပ်တောလမ်းကနေ ကျောကုန်းပေါ် အထုပ်တွေသယ်လာတဲ့ လူတစ်စုကို လှမ်းမြင်ရပြီး မသင်္ကာလို့ စစ်ဆေးဖို့ရပ်မိန့်ပေးလိုက်ရာမှာ သေနတ်နဲ့စတင်ပစ်ခတ်ခဲ့လို့ ၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မနက်စောစော မိုးလင်းတာနဲ့ တာဝန်ရှိသူတွေက အဆိုပါနေရာကို ပြန်သွားပြီးနယ်မြေရှင်းလင်းရာမှာ တောထဲမှာ ပြန့်ကြဲနေတဲ့ မြွေရေခွံအိတ်ပေါင်း ၁၉ လုံးကို တွေ့ရှိရကြောင်း၊ စစ်ဆေးကြည့်ရှုရာမှာ အထဲမှာ ၉၉၉ အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၅၇၀၀၀၀၀ ( ငါးသန်း ခုနှစ်သိန်း ) ပါရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘိန်းစိမ်းတချို့၊ အနွေးထည်အင်္ကျီ ၊ သောက်ရေသန့်၊ စားစရာနဲ့ အသုံးအဆောင်အချို့ပါတွေ့ရှိရကြောင်း၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေတော့ မတွေ့ဘူးလို့ ဆိုပါတယ်။
အခင်းဖြစ်ပွါးတဲ့နေရာဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် တောင်ပိုင်း ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေနဲ့ ၁ မိုင်ခန့်သာကွာဝေးတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။