ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသတွေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ တလအတွင်း ဒီရေပျိုးပင် ၅,၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်ခဲ့ပြီး ၄ နှစ်အတွင်း ဒီရေပင် ၄ သိန်းကျော်အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေသူတွေ ဆီက သိရပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီရေတောတွေ ဦးဆောင်စိုက်ပျိုးနေတဲ့ အမ်းမြို့နယ်မှ ကိုမျိုးလွင်က သူ့အနေနဲ့ ဒီရေတောတွေကို ၂၀၁၈ ခုကနေ ဒီနေ့အထိ အခုလို တစိုက်မတ်မတ် စိုက်ပျိုးနေရတဲ့အကြောင်းကို အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ ဒီရေတောတွေ ပြုန်းတီးနေတာကတော့ ဆယ်စုနှစ်တခုအထိ ကျော်နေပြီပေါ့နော်။ ၂၀၁၈ ခုနှစ်မှာ ကျောက်ဖြူမြို့နယ် ပဒဲကျွန်းအနီးမှာ ရေထုညစ်ညမ်းမှုတွေ စဖြစ်လာခဲ့တယ်။ အဲ့ဒီ ရေထုညစ်ညမ်းမှုက ကျောက်ဖြူ အပါအဝင် အမ်း၊ တောင်ကုတ်၊ မြေပုံ မြို့နယ်တွေအထိ ကျယ်ပြန့်သွားခဲ့တယ်။ အဲဒီ ရေထုညစ်ညမ်းမှုတွေရဲ့ ဆိုးကျိုးက ပင်လယ်ထဲက သား ငါး သယံဇာတတွေ အလွန်ရှားပါးသွားခဲ့ရတယ်ပေါ့နော်။ အဲဒီအခါမှာ ဒီရေတောတွေရှိရင် ရေထုညစ်ညမ်းမှုကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်မယ်။ ရေထဲမှာရှိတဲ့ ရေသယံဇာတတွေ သက်ရှိသတ္တဝါတွေ မထိခိုက်နိုင်ဘူး ဆိုတဲ့ လေ့လာမှုတွေ ကျနော်တို့ ရရှိခဲ့ကြတယ်။ အစိုးရကလည်း ဒီ ရေထုညစ်ညမ်းမှု ဘယ်နေရာက စဖြစ်သလဲဆိုတာကို ထိရောက်တဲ့ စုံစမ်းမှုတွေ မခဲ့ကြရှိဘူး။ ပြည်သူကို ချပြတာလည်း မရှိခဲ့ဘူး။ ရေထုညစ်ညမ်းမှုက ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ ရေသယံဇာတတွေကို ဘယ်လောက်အထိ ထိခိုက်နေသလဲဆိုတာ ရှင်းပြမှုမရှိတဲ့အခါမှာ ကျနော်တို့က ဒီရေတောတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိစိတ်နဲ့ ၂၀၁၈ ခုနှစ်ကတည်းက ဒီနေ့အထိ ဒီရေတောတွေကို ကိုယ်ထူကိုယ်ထ စိုက်ပျိုးလာခဲ့တာဖြစ်တယ်။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမ်းမြို့နယ်အတွင်းမှာ ဒီရေတော ဧကပေါင်း ၃၀,၀၀၀ လောက်မှာ ဒီရေပင် ၄၀၀,၀၀၀ ကျော် စိုက်ပျိုး ထိန်းသိမ်းထားနိုင်ခဲ့ပြီး အဲဒီ ဒီရေပင်တွေကို အမ်းမြို့နယ်မှာ အဓိက စိုက်ပျိုးတာဖြစ်ပြီး မြေပုံ၊ ပေါက်တောနဲ့ ကျောက်ဖြူဒေသတွေမှာလည်း ဒီရေပင်စိုက်ပျိုးမှုအတွက် ကူညီပံ့ပိုးနေကြောင်း ဦးဆောင်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
ရခိုင်ဒေသအတွင်း အလုပ်အကိုင် ရှားပါးမှု၊ လျှပ်စစ်မီး အပြည့်အဝ မရရှိမှုတွေကြောင့် ဒေသခံတွေ စားဝတ်နေရေးအရ မီးသွေး၊ ထင်းအဖြစ် ဒီရေတောတွေကို ခုတ်လှဲနေပြီး အဲဒီလို ခုတ်လှဲနေတာတွေကို ဟန့်တားဖို့ အခက်အခဲရှိတာကြောင့် ဒီရေတော အစားထိုးစိုက်ပျိုးရေးကို အခက်အခဲများစွာနဲ့ လုပ်ဆောင်နေကြရတယ်လို့ ကိုမျိုးလွင်က ပြောပါတယ်။
“ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ သစ်ပင်ခုတ်လှဲပြီးတော့ ဝင်ငွေရှာကြတာလေ။ ကျနော်တို့ အစားထိုးစိုက်ပျိုးတာတွေ မနိုင်မနင်း ဖြစ်တယ်ပေါ့နော်။ သစ်ခုတ် ဝင်ငွေရှာတဲ့သူတွေ များနေတယ်။ အစားထိုးစိုက်ပျိုးတဲ့သူတွေက နည်းနေတယ်ပေါ့နော်။ ကျနော်တို့ လက်လမ်းမမီတဲ့ ဒေသတွေလည်း ရှိနေတယ်။ ကျနော်တို့ ထိန်းထားတဲ့ ဒီရေတောတွေမှာတောင် သစ်ခုတ်တာတွေ ရှိနေတယ်။ ရခိုင်ပြည်နယ်ရဲ့ အနေအထားအရ လျှပ်စစ်မီးကလည်း အပြည့်အဝ မရရှိတဲ့အခါ ဒီရေတောတွေ ခုတ်လှဲမှုကို စနစ်တကျခုတ်ဖို့ပဲ ကျနော်တို့ ပြောနိုင်တယ်။ လုံးဝမခုတ်ဖို့တော့ မတားဆီးနိုင်ဘူး။ တားဆီးလို့လည်း မရနိုင်တဲ့ အနေအထားတွေရှိတယ်။ ဒါပေမဲ့ လူနည်းစုပိုင် မဖြစ်ဖို့တော့ ကျနော်တို့ ကြိုးစားထားတယ်။”
စိုက်ပျိုးထားတဲ့ ဒီရေတောတွေကို အများပိုင်အဖြစ် သတ်မှတ်ထားကာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး ဒီရေတောတွေကို လူနည်းစုပိုင်မဖြစ်စေဖို့ အများပြည်သူနဲ့ သက်ဆိုင်အောင် ကြိုးစားလုပ်ဆောင်နေကြရကြောင်း ဒီရေတောစိုက်ပျိုးသူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှတိုက်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဝန်ဖိုက် ဒီရေတောကြီးမှာလည်း ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတာ၊ ထင်းခိုးယူခုတ်လှဲတာတွေ များပြားနေတာကြောင့် ၇၅ ရာခိုင်နှုန်းလောက် ပြုန်းတီးမှုနဲ့ ကြုံနေကြောင်း ဒီရေတောထိန်းသိမ်းရေးအဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။