တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တောမီးနဲ့ ရှို့မီးတွေ အပါအဝင် မီးလောင်မှု ၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၁ ရက်၊ ၂၁ ရက်၊ ၂၅ ရက်၊ ၂၉ ရက်နဲ့ ၃၁ ရက်တွေမှာ ထားဝယ်မြို့၊ တဂူသိမ်ဈေးအနီး တောမီးတကြိမ်၊ လောင်းလုံးမြို့နယ် မောင်းမကန်လမ်း တောရှည်ရွာမှာ နှစ်ကြိမ်၊ ရေဖြူမြို့နယ် ပုဂေါဇွန်း ဆီအုန်းခြံနဲ့ သဗြေဇွန်းရွာမှာ တောမီးနှစ်ကြိမ်၊ စုစုပေါင်း ၅ ကြိမ် လောင်ခဲ့တယ်လို့ တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၃၁ ရက် ညမှာပဲ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။
ထားဝယ်မြို့ခံတဦးက “မီးလောင်သွားတဲ့အိမ်က ဦးဖိုးသီး အသက် ၉၀ ကျော် အဘိုးကြီးနဲ့ သူ့မိသားစုတွေ နေတဲ့အိမ်ပါ။ ည ၁၁ နာရီလောက် ထလောင်တာ၊ တအိမ်လုံးကုန်သွားတာပဲ။ ဘယ်ကစလောင်မှန်းတော့ မသိရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာနဲ့ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ လက်ချက်ကြောင့် ဇန်နဝါရီ ၇ ရက်နဲ့ ၁၁ ရက်တွေမှာ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ခံရပြီး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထားဝယ်ခရိုင်မှာ စစ်တပ်အာဏာသိမ်းကာလ (၂၀၂၂ ဒီဇင်ဘာလအထိ စာရင်းအရ) အတွင်း သဘာဝမီးဘေး မပါဝင်ဘဲ မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်အလုံး ၅၀ ကျော် ရှိကြောင်း တနင်္သာရီအခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့ Southern Monitor အဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
Photo-တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန