Home
မြန်မာသတင်း
သံတောင်တွင် စစ်တပ် လက်နက်ကြီးကြောင့် နေအိမ်ခေါင်မိုးပျက်စီး၊ ဒေသခံ ၂ ဦး ရိုက်နှက် ဖမ်းဆီးခံရ
DVB
·
January 29, 2023
327115629_568088645211927_8799696431550143194_n

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ဇန်နဝါရီ ၂၈ ရက်၊ မနက် ၁၁ နာရီ၀န်းကျင်လောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ လူနေရပ်ကွက်ထဲ ပစ်ခတ်လို့ နေအိမ်တလုံး ခေါင်မိုး ပျက်စီးသွားပြီး၊ ပြည်သူနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်ဖွဲ့က သူတို့တပ်ရှိရာ စစ်တပ်ကုန်းကနေ ကျေးဇူးတော်ကုန်းဘက်ရှိရာကို  လက်နက်ကြီး ၃ လုံးထုလိုက်တာ။ အဲ့ဒီလို ပစ်လိုက်တာ တောပြာလေးရွာအပြန်လမ်း ရပ်ကွက် ၃ က အိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး အိမ်ခေါင်မိုး ပြိုကျသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့အ၀င်အထွက်တွေမှာ စစ်ဆေးနေပြီး ဒေသခံနှစ်ဦးအား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။ 

“မနက် ၁၁ နာရီတုန်းက ကျေးဇူးတော်ကုန်းရပ်ကွက်မှာ လမ်းတွေ ပိတ်ဆို့စစ်ဆေးပြီး ဒေသခံနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်။ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကိုလည်း အော်ဟစ်ကြိမ်းမောင်းတယ်။ အဲ့ဒီလို စစ်ဆေးကြိမ်းမောင်းနေလို့ ဒေသခံတွေက ကြောက်ပြီး အပြင်မထွက်ရဲကြဘူး။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့တုန်းကလည်း ထွေအုပ်ရုံးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ သစ်စက်ကုန်းရပ်ကွက်နဲ့ ရပ်ကွက် (၄) တို့မှာ လက်နက်ကြီးကျခဲ့ပေမဲ့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

သံတောင်မြို့ဟာ ပဲခူးတိုင်း၊ တောင်ငူမြို့ကနေ ကရင်ပြည်နယ် သံတောင်ကြီးမြို့ကြားမှာ တည်ရှိပြီး ကရင်လူမျိုးနဲ့ ခရစ်ယာန် ဘာသာ၀င် အများဆုံးနေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024