ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ပူး ပေါင်းပြီး ကျေးရွာချင်းဆက်တံတားတစ်စင်းကို ပထမဆုံးတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေကျေးရွာနဲ့ လမုန့်တိုင်ကျေးရွာအကြား ရွာချင်းဆက်လမ်းပေါ်မှာ တည်ရှိထားတဲ့ တံတားတစ်စင်းကို အခု ဇန်နဝါရီအတွင်းတည်ဆောက်ခဲ့ပြီး တံတားဖွင့်ပွဲကိုတော့ ဇန်နဝါရီ ၂၅ ရက်မှာ ရက္ခိုင့်တပ်တော် (ULA/AA)က ဦးစီးပြီး ဖွင့်ပွဲကျင်းပခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။
"ရက္ခိုင်တပ်တော်နဲ့ ရခိုင်ပြည်သူနဲ့လက်တွဲပြီး ပထမဆုံးတည်ဆောက်တဲ့ တံတားတစ်ခုဖြစ်တယ်။ လက်ရှိအစိုးရအဆက်ဆက် မလုပ်ပေးနိုင်ခဲ့တဲ့ တံတားဆိုလည်း မမှားဘူဗျ။ အနာဂတ်မှာ ရခိုင်တပ်တော်နဲ့ ရခိုင်ပြည်သူတွေအခုလို လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်လာဖို့ မျော်လင့်ရမှာပါ။"
အဆိုပါတံတားကို "လိုင်ဂွင်ချေတံတား"လို့ အမည်ပေးထားပြီး အလျား ၅၈ ပေ၊ အနံ ၁၂ ပေ ရှည်လျားကာ တန်ဖိုး ကျပ်သိန်း ၃၄၀ လောက် ကုန်ကျခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ တံတားဖွင့်ပွဲအခမ်းအနားကို ဘောလုံးပွဲနဲ့ ဇာတ်ပွဲတွေနဲ့အတူကျင်းပခဲ့ပါတယ်။