နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ စက်သုံးဆီဈေးနှုန်းတွေဟာ အတက်ဘက်ကို ပြန်လည်ဦးတည်လာနေတယ်လို့ နေ့စဉ်စက်သုံးဆီဈေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။
92၊ 95 နဲ့ ပရီမီယံဒီဇယ်အပါအဝင် စက်သုံးဆီဈေးတွေဟာ အခုလ အစောပိုင်းတုန်းက နေပြည်တော်မှာ 92 တစ်လီတာကို ၁၈၀၀ ကျော်၊ 95 တစ်လီတာကို ၂၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ရာကနေ ဇန်နဝါရီ ၂၈ ရက်အရောက်မှာတော့ 92 က တစ်လီတာ ၂၃၂၀ ကျပ်နဲ့ 95 က တစ်လီတာကို ၂၄၀၅ ကျပ် အထိ ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်သုံးဆီဈေးတက်လာမှုဟာ အနည်းငယ် ရပ်တန့်သွားခဲ့ရာက ဇန်နဝါရီ ၂၈ အရောက်မှာ အနည်းငယ် ပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
နေပြည်တော် ဘောဂသီရိကားဝန်းအတွင်းမှ အိုးဝေမောင်းသူတဦးက "ဆီဈေးတွေကတော့ ဆက်တိုက်တက်နေတာ၊ ပြောနေကျတာတော့ 92 က ၃၀၀၀ လောက်အထိ တက်မယ်ဆိုလားပဲ။ အဲ့ဒီကျရင်တော့ အလုပ်ခဏနားထားမှရမယ်။ အခုတောင် ဆီဈေးတွေကတက်နေတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဆီဈေးတက်လို့ ကိုယ်က ဈေးတက်တော့ ပုံမှန်ဖောက်သည်တွေတောင် တဖြည်းဖြည်း နည်းလာပြီ"လို့ ပြောပါတယ်။
စက်သုံးဆီဈေးတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်က 92 တစ်လီတာကို ၈၀၀ ကျပ်ဝန်းကျင်ကနေ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာတော့ သုံးဆနီးပါးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။