Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
lusane
·
January 26, 2023
326032514_556431506409186_2250954034730336880_n

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းကျေးရွာ အနောက်ဘက်ရှိ တောင်တန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ဖိုးခေါင်ချောင်းရွာက ကလေး ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ မောင်မာမက်နုရ် (၁၁ နှစ်) ဖြစ်ပြီး ဒဏ်ရာရှိရသူ ၃ ဦးမှာ မောင်အော်ဇီးအူလ္လာ (၁၂ နှစ်)၊ မောင်ရော်ဘီအုလ်ဟာဆောင်း (၁၂ နှစ်) နဲ့ မောင်ဂျာနီအာလာမ် (၁၄ နှစ်) တို့ဖြစ်ကြပြီး ရွာရဲ့အနောက်ဘက်ရှိ တမိုင်ခန့်အကွာက တောင်တန်းမှာ ထင်းသွားခုတ်စဉ် မိုင်းပေါက်ကွဲမှုဖြစ်တာလို့ ကျေးရွာသားတဦးက ပြောပါတယ်။

“မိုင်းပေါက်တာကတော့ နေ့လယ် ၁၂ နာရီလောက်မှာ ပေါက်တာပါ။ ပေါက်ကွဲသံကြားလို့ ရွာကလူကြီးတွေက သွားကြည့်တော့မှ ကလေးတွေလို့သိရတာ။ မောင်မာမက်နုရ်ကတော့ ခန္ဓာကိုယ်တခုလုံး ဒဏ်ရာရသွားတာကြောင့် သေသွားတယ်။ ရာဘီအူးဟာဆောင်း ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ ကျန်နှစ်ဦးကတော့ သိပ်မစိုးရိမ်ရဘူး။”

ဘယ်အဖွဲ့က မိုင်းထောင်ထားတယ်ဆိုတာ မသိရဘဲ အဲဒီတောင်တန်းပေါ်မှာ ပြီးခဲ့တဲ့ ၃ လလောက်က စစ်ကောင်စီတပ် တပ်စွဲခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်က လူငယ်တဦး မိုင်းကွဲမှုကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှု‌ေတွ ရှိနေကြပြီး အသက်သေဆုံးမှုတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024