မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ထီးလင်းမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က ဂန့်ဂေါမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို တားဆီးစစ်ဆေးရာ သစ်တောထွက်ပစ္စည်း (ရှားစေး) ပိဿာချိန် ၆,၀၀၀ ကျော် တင်ဆောင်လာတာကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ YRA အဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပြည်သူတဦးရဲ့ သတင်းပေးပို့ချက်အရ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇-YRA ထီးလင်းနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၉ - PDF (KYAW) ပူးပေါင်းအဖွဲ့က ထီးလင်းမြို့နယ် လမ်းပိုင်းတနေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။
YRA မှ သခင်ဇော်က “ဂန့်ဂေါမြို့ဘက်ကနေ အမျိုးသား ၃ ယောက် လိုက်ပါမောင်းနှင်လာတဲ့ ၁၂ ဘီးကုန်ကား တစီးမှာ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်း (ရှားစေး) ပိဿာချိန် ၆,၀၀၀ ကျော် တင်ဆောင်လာတာကို တွေ့ရတယ်။ သက်ဆိုင်ရာ မြို့နယ်ပအဖရဲ့ အခွန်စည်းကြပ်မှုတွေ ကင်းလွတ်နေပြီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို အလျဥ်းသင့်သလို ငွေကြေးပေးဆောင် ဖြတ်သန်းလာတာ ဖြစ်ကြောင်း သိရလို့ ကျနော်တို့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
တရားမဝင် သစ်တောထွက်ပစ္စည်း သယ်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်မှာ ချောက်မြို့နယ်က ပစ္စည်းပိုင်ရှင် အသက် ၅၃ နှစ်အရွယ်ခန့်ရှိ အမျိုးသား ၁ ဦး၊ ပခုက္ကူမြို့က အသက် ၄၂ အရွယ် ယာဉ်ပိုင်ရှင်နဲ့ မြိုင်မြို့နယ်က ယာဉ်နောက်လိုက် ၁ ဦးကို NUG လမ်းညွှန်ချက်နဲ့အညီ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇-YRA ထီးလင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။