မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးတာနဲ့ အိမ်ထောင်စုစာရင်း ကောက်ယူတာကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေအိမ်တွေကို ညအချိန်တွေမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဧည့်စာရင်းမတိုင်ထားရင် တရားစွဲတဲ့အထိ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မန္တလေးမြို့ခံတဦးက “ဟိုနေ့က ဝင်စစ်တယ်၊ တိုင်ထားတာ ရက်လွန်နေလို့ဆိုပြီး ဩဝါဒတွေ ခြွေသွားတယ်၊ ခံဝန်ထိုးရတယ်၊ ရောက်တာမကြာသေးလို့ မတိုင်ထားတဲ့သူတွေကိုတော့ တရားစွဲမယ်ပြောတယ်” လို့ ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေအပြင် မန္တလေးတိုင်းအတွင်းက ကျေးရွာတွေမှာလည်း အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဒေသခံတဦးက “ထွေအုပ်ဝတ်စုံနဲ့တယောက် လာမေးတယ်။ အသက်တနှစ်ခွဲ ကလေးလေးကို မှတ်ပုံတင်ရှိလားမေးတယ်၊ အလုပ်အကိုင်ကရော မရှိဘူးလားနဲ့ မေးတယ်၊ တနှစ်ခွဲကလေးက ဘယ်လိုလုပ်ရှိမလဲ။ ပြီးတော့ နာမည်စာလုံးတောင် မပေါင်းတတ်လို့ ပြန်မေးသေးတယ်။ တွေ့ကရာလူတွေ ခေါ်ခိုင်းနေတာ ထင်တယ်” လို့ ပြောပါတယ်။
မန္တလေးမြို့ပေါ် လမ်းမကြီးတွေမှာလည်း သွားလာနေတဲ့ယာဉ်တွေကို စစ်အုပ်စု၊ ရဲ၊ ယာဉ်ထိန်းနဲ့ စည်ပင်တွေ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးတာတွေ၊ ယာဉ်နဲ့ လမ်းစည်းကမ်းအတိုင်း မညီညွတ်သူတွေကို အရေးယူတာတွေ၊ လာဘ်စား ငွေတောင်းတာတွေ ပိုမိုကြပ်မတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ်တွေမှာ မီးချိတ်၊ မီးကပ်တွေ၊ သဲအိတ်နဲ့ ရေအိတ်တွေထားကြဖို့ အမိန့်ထုတ်ပြန်တာတွေရှိပြီး မီးချိတ်ပြုလုပ်တဲ့ ဝါးလုံးတွေကို ဆေးစိမ်းသုတ်ဖို့အထိ ညွှန်ကြားတာတွေ ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။