မဲခေါင်မြစ်အတွင်းမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီးတော့ ၁၂၅ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုခဲ့ကြတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဆိုပါ ပူးတွဲကင်းလှည့်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကစတင်ပြီးတော့ ၃ ညအိပ် ၄ ရက်တာကာလအတွင်း ကီလိုမီတာ ၆၂၀ ကျော် လှည့်လည်ခဲ့ကြပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျင်းဟာ ဆိပ်ကမ်းဆီ တရုတ်ရေယာဉ် ၂ စင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီပူးပေါင်းကင်းလှည့်မှုမှာတော့ မြစ်ကြောင်းတလျှောက် ဘေးကင်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ၄ နိုင်ငံက သင်္ဘောတွေ သွားလာခဲ့ကြတယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်းဖြစ်ပါတယ်။
တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်ခဲ့ကြတာ ဖြစ်ပါတယ်။