စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ် မီးရှို့သွားတဲ့ အိမ်ထောင်စု ၈၄ စုအတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ကျောက်လုံးကြီးတပ်မဟာက ဆန်ထောက်ပံ့ပေးခဲ့တယ်လို့ နတ်ကြီးကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ နတ်ကြီးကျေးရွာဟာ အိမ်ခြေ ၁၈၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်က မီးရှို့လို့ အိမ်ခြေ ၁၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်ကြီးဒေသခံ ပြည်သူတဦးက “အခုလို ထောက်ပံ့ပေးတော့ အရမ်းကျေးဇူးတင်တယ်ဗျ။ နေစရာမရှိသလို စားစရာကလည်း မရှိဘူး။ အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ လှူဒါန်းပေးတာကို ဘာမှမလဲနိုင်တဲ့ ကူညီမှုလို့တောင် ပြောလို့ရတယ်။ အိမ်လေးပြန်ဆောက်လိုက်၊ စစ်(--)က ပြန်မီးရှို့လိုက်နဲ့ဆိုတော့ အကြိမ်ကြိမ်အရှို့ခံရတော့ လူတွေလည်း အကုန်မွဲကုန်ပြီဗျ။ ကျနော်တို့ရွာက ရွာသားတွေအပေါ် မိသားစုလို သဘောထားပြီး လှူဒါန်းပေးတဲ့ အလှူရှင်များနဲ့ ကျောက်လုံးကြီးအဖွဲ့ကို ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောပါတယ်။
ကျောက်လုံးကြီးအဖွဲ့အနေနဲ့ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရေယာဉ် တစီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်က ရရှိခဲ့တဲ့ဆန်တွေကို အခုလို ပြန်လည်ထောက်ပံ့တာဖြစ်တယ်လို ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက “ဒီထက်မက ထောက်ပံ့တာတွေ လုပ်ချင်သေးတယ်။ ဒီရွာလေးကို ထပ်ပြီး ကူညီ လှူဒါန်းဖို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက နတ်ကြီးရွာကို မီးရှို့တဲ့အချိန်တိုင်း ကျောက်လုံးကြီးတပ်မဟာအနေနဲ့ အကြိမ်ကြိမ် လှူဒါန်းခဲ့သလို အခုလည်း ဆန် ၄၅ တင်း ထပ်မံထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။