စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဆန်အိတ်၊ ပဲအိတ်တွေနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ဆရာစံ- PDF ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ကနီမြို့နယ်အတွင်း ကုန်းကြောင်း၊ ရေကြောင်းမှ စစ်ကြောင်းထိုးသွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KLG(ကျောက်လုံးကြီးတပ်မဟာ)၊ Alpha Special Force၊ Truth Of Force၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ Yoma Fighter PDF နဲ့ အခြားမဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အထိအခိုက်အကျအဆုံးရှိတယ်လို့ ဆရာစံ -PDF က ပြောပါတယ်။
PDF အဖွဲ့ခေါင်းဆောင် ဆရာစံက "ကျနော်တို့ ဒီဇင်ဘာ ၁၁ ရက် နေ့ကတည်းက တိုက်ပွဲဖော်ဆောင်ဖို့ ထွက်လာခဲ့ကြတာပါ။ ကနီမြစ်ကြောင်းတလျှောက်နဲ့ ကျေးရွာတချို့မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကနီဘက်ကို ဆန်တက်ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဉ်တွေကို RPG တွေ၊ မိုင်တဲလ် မမ တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ကျောက်လုံးကြီးဆရာတော်အဖွဲ့က RPG ထိမှန်ထားတဲ့ စစ်ကောင်စီ ဖလက်မော်တော်ယာဉ်တစီးပေါ်မှ စစ်ကောင်စီတပ်သား ၂ ဦးကို သုတ်သင်ရှင်းလင်းပြီး ဆန်အိတ် ၈၀ နဲ့ ပဲအိတ် ၁၀ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲတေါအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိကာ ပူးပေါင်းမဟာမိတ်များဘက်မှ Triple Two မှ အဖွဲ့ခေါင်းဆောင် ကိုအောင်ကြီး အပါအဝင် ၅ ဦး ကျဆုံးခဲ့တဲ့အပြင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော် ၂ ဦး ထပ်မံကျဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Myanmar defense force မှ တာဝန်ရှိသူက ပြောပါတယ်။
၁ လတာ တိုက်ပွဲများအပြီး အောင်ပွဲနဲ့ပြန်လာခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဒေသခံပြည်သူ ထောင်နဲ့ချီက သပြေပန်းတွေ၊ စားစရာတွေနဲ့ ကြိုဆိုဧည့်ခံကျွေးမွေးခဲ့တဲ့အပြင် ငွေကြေးများထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။