ဇန်နဝါရီ ၁ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တောင်စွန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြတဲ့တိုက်ပွဲဝင်သူရဲကောင်း ၆ ယောက်အတွက် ရှေ့တန်းစစ်မြေပြင်မှာ အမိန့်ပြန်ခြင်း အစီအစဥ်ကို ကျင်းပပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့သူတွေထဲမှာတော့ တပ်ခွဲမှူး ရဲဘော်ဒေါင်း၊ တပ်စုမှူး ရဲဘော်ဘချစ်၊ တပ်စိတ်မှူး ရဲဘော်ဇော်မင်း၊ တပ်ဖွဲ့ဝင် ရဲဘော်ဂျာကြီး၊ ရဲဘော်ငပွေး၊ ရဲဘော်စတားတို့ ပါဝင်ပြီး အမိန်ပြန်ခြင်း အစီအစဥ်ကိုတော့ ဇန်နဝါရီ ၆ ရက်မှာ ရဲဘော်တွေရဲ့ ဘာသာရေးဓလေ့ထုံးတန်း အစဥ်အလာတွေအရ ကုသိုလ်ရေးနဲ့ တခြားဆောင်ရွက်စရာရှိတာတွေကိုလည်း စီစဥ်ဆောင်ရွက်ပေးခဲ့တယ်လို့ NUG အစိုးရက ရဲဘော်မိသားစုဝင်တွေနဲ့ ပြည်သူတွေကို အသိပေးထားပါတယ်။
ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)၊ တောင်စွန်း (လေးနော်) ရွာမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွေဘက်က အယောက် ၄ဝ ကျော် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး BGF စခန်း ၂ ခုနဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောထားပါတယ်။
ဒါ့အပြင် ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နေ့စဉ်လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့ပြီး ဘာသာရေး အဆောက်အအုံတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးမှုတွေလည်း ရှိခဲ့ပြီး ဒီတိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံလူဦးရေ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။