ABSDF ရှမ်းမြောက်ဒေသရဲ့ အပတ်စဥ်(၄) အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ်(၂) ဆေးသင်တန်း၊ စည်းရုံးရေးမှူးသင်တန်းနဲ့ အထူးတပ်ဖွဲ သင်တန်းဆင်းပွဲကို ABSDF ရှမ်းမြောက် ဒေသတပ်ရင်းမှာ ဇန်နဝါရီလ ၇ ရက်က ကျင်းပါတယ်။
အဲဒီသင်တန်း ၄ ခုမှာ အခက်အခဲတွေကြားထဲကနေ ပြည်သူလူထုရဲ့ ကူညီပံ့ပိုးမှု အပြင် မဟာမိတ်အဖွဲ့တွေရဲ့ ဖေးမကူညီမှုတွေနဲ့ ရဲဘော် အယောက် ၁၁၀ အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့တယ်လို့ ABSDF မှ တာဝန်ရှိသူ ရဲဘော်အောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
၃ လ နီးပါး ကြာမြင့်ခဲ့တဲ့ အခြေခံ စစ်ပညာသင်တန်းမှာ စစ်ရေးပညာရပ်တွေအပြင် Federal နိုင်ငံရေးအမြင်တွေပါ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဆေးသင်တန်း၊စည်းရုံးရေးသင်တန်းနဲ့ အထူးတပ်ဖွဲ့ သင်တန်းတွေပါ တွဲဖက် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့ ABSDF က သင်တန်းနည်းပြ ရဲဘော်ထွန်းလင်းအောင် ကပြောပါတယ်။
ABSDF ကျောင်းသားတပ်မတော်ဟာ ၈၈၈၈ လူထူအရေးတော်ပုံနဲ့ အတူပေါက်ဖွားလာတဲ့ တော်လှန်ရေးသက်တမ်း ၃၄ နှစ်နီးပါး ရှိပြီဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
အခု နွေဦးတော်လှန်ရေးကာလမှာလည်း ABSDF (ရှမ်းမြောက်) မှ အပတ်စဥ် (၄) အထိ ရဲဘော် စုစုပေါင်း ၂၅၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့အပြင် တခြားသော တော်လှန်ရေးမိတ်ဖက် အဖွဲ့စည်းတွေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဥ်တွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။