ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နေ့က တရားရုံးစာရေးတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မြို့နယ်တရားရုံးက စာရေးဖြစ်သူ ဦးဇင်ဘိုဟာ ဖိအားတွေများလာပြီး ဆူဆဲခံရမှုတွေကြောင့် ခုလိုမျိုး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ညတိုင်း ၇ နာရီကျော်မှာပြန်ရတာ၊ ပြီးတော့ နေ့တိုင်းအဆူဆဲ အအော်ခံနေရတယ်၊ ဖိအားကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာတယ်၊ ဒါတွေကို သူမခံနိုင်တော့လို့ ခုလိုမျိုး လုပ်သွားတာ ဖြစ်မယ်။”
ကြိုးဆွဲချသေဆုံးခဲ့တဲ့ တရားရုံးစာရေး ဦးဇင်ဘိုဟာ အနေအေးသူတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်ဖိအားတွေ များလာသလို အဆူအဆဲခံရမှုတွေ နေ့စဉ်ကြုံတွေ့လာတာကြောင့် ခုလိုမျိုးလုပ်သွားတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ အဆုံးစီရင်သေဆုံးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁ ဦးသာရှိခဲ့ပြီး ဒါဟာ ဒုတိယမြောက်ဖြစ်တယ်လို့ သိရပါတယ်။