၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်အကျဉ်းထောင်ကနေ သတင်းထောက်တယောက်၊ နိုင်ငံရေးအကျဉ်းသား ၁၈ ယောက်အပါအဝင် အကျဉ်းသား စုစုပေါင်း ၉၉ ယောက်ကို ဒီနေ့ ဇန်နဝါရီ ၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ (၅၀၅) နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူ ၁၈ ယောက်ပဲပါဝင်ပြီး လွတ်ရက်စေ့ခါနီးလူတွေကိုပြန်လွှတ်ပေးလိုက်တာဖြစ်သလို ပြန်လွတ်လာသူ အများစုက ခိုးမှု၊ ၊ ဆေးမှုတွေနဲ့ ဆိုင်ကယ်လိုင်စင်ကြောင့် အဖမ်းခံထားရသူတွေဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ‘မနေ့ကတည်းက သူတို့လာပြောတာ လွတ်မယ့်အထဲမှာပါတယ်ဆိုလို့ မနက် ၈ နာရီလောက်ကတည်းက ပြည်ထောင်ရှေ့မှာ သွားစောင့်နေတာ၊ လာစောင့်နေကြတာလူတွေ အများကြီးပဲ၊ သူတို့ လွှတ်မဲ့သူအားလုံးကို အဆောင်တွေကနေ မနက်တည်းက ထုတ်လာပြီး မိန်းဂျေးမှာ ထိုင်နေရတာ အမိန့်မလာသေးလို့လည်း ပြောတယ်။ ဗိုလ်ရှုသဘင်ပြီးမှ လွှတ်မယ်ဆိုပြီး ထိုင်စောင့်နေရတာ။ တကယ်လွှတ်တော့ နေ့လယ် ၂ နာရီခွဲလောက်မှ လွှတ်တယ်” လို့ပြောပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မဇင်မာဝင်း၊ ကိုအောင်ချိုဦး၊ ကိုအိန္ဒာနေမျိုး၊ ကိုဘိုတောက်၊ ကိုခင်မောင်ထွန်း၊ ဦးမြင့်လွင် (ခ) မိုးမိုက်မိုက်၊ သတင်းထောက် ရဲထွန်းဦး (ခ) မောင်ကောင်း(အလင်းမြေ)၊ မျိုးမင်းထွန်း (ခ) ဦးကယား၊၊ ဝိုင်းဝိုင်းလည်၊ မရီဝေနှင်းစက်၊ ကိုကျော်သူရဝင်း၊ ကိုသန်းထိုက်အောင်(ခ) ကလေးလေး၊ ဦးမင်းလွင် ၊ ကိုအောင်သူ၊ ကိုဇော်မင်းဦး၊ ဒေါ်နီနီဆွေ၊ မနှင်းနှင်းဝေနဲ့ မမိုးသွယ်ကြည် တို့ပါဝင်ပါတယ်။
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။